လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်
လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်
အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် မြေပြင်တွင် စစ်ရေးအရ ခြေကုပ်နယ်မြေများလက်လွတ်ဆုံးရှုံးနေရသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့်မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၏ စိုးမိုးနယ်မြေများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ရန် ကုန်းလမ်းကြောင်းများ အခက်အခဲ အဟန့်အတားဖြစ်နေချိန်တွင် လေကြောင်းစစ်ချီတက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုများကို စဥ်ဆက်မပြတ်အသုံးပြုလာခဲ့သည်။
ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လေ့လာတွေ့ရှိချက်များအရ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လေကြောင်းစစ်ဆင်ရေးများ၊ လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုများသည် စစ်ရေးရည်မှန်းချက်ထက် အရပ်သားများထိခိုက်ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ကျုးလွန်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အချက်အလက်များအရ တိုင်းနှင့်ပြည်နယ် (၁၂) ခုတွင် လေကြောင်းတိုက်ခိုက်မှု (၂၆၈) ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားများပစ်မှတ်များအပေါ် တိုက်ခိုက်မှု (၁၉၀) ကြိမ် ပြုလုပ်ခဲ့ကာ စစ်ရေးပစ်မှတ်များအပေါ်တိုက်ခိုက်မှု (၇၈) ကြိမ် ပြုလုပ်ခဲ့သည်။
အရပ်သားပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး၊ ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရပြီး (၁၈၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးများအပါအဝင် ပြည်သူပိုင်နေအိမ် (၁၃၈) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ (၈၁၀၀) ဦးအထိ ရှိခဲ့သည်။
အများပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် အောက်ပါ နည်းလမ်းများကို လုပ်ဆောင်ရန် လိုအပ်ပါသည်။
(၁) စိတ်ကို ငြိမ်ငြိမ်ထားပါ။
(၂) အနီးဆုံးအကာအကွယ်သို့ရောက်အောင် သွားပါ။
(၃) ဦးတည်ရာမဲ့ မပြေးရ။ မအော်ရ။
(၄) နံရံများကို မမှီရပါ။
(၅) ညွှန်ကြားချက်များကို လိုက်နာပါ။
လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရယ်မှ ကာကွယ်ရေးနည်းလမ်းများကို ပိုမိုလေ့လာနိုင်ရန် အောက်ပါ Link (shorturl.at/ajFZ9) တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ