National Unity Government communicate via .nugmyanmar.org websites. (e.g. go.nugmyanmar.org/open)

Secure websites use HTTPS
Look for a lock or https:// as an added precaution. Share sensitive information only on official, secure websites.

ပြည်ထောင်စု ဒုတိယဝန်ကြီး

နိုင်ကောင်းရွက်

ကာကွယ်ရေး၀န်ကြီးဌာန

၁၉၅၂ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် မွန်ပြည်နယ်၌ မွေးဖွားခဲ့သော မွန်အမျိုးသား နိုင်ကောင်းရွက်ကို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် တရားဝင်ခန့်အပ်ခဲ့ပါသည်။ ၎င်းသည် မွန်ပြည်နယ် ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီကို ကိုယ်စားပြုလျက် အစိုးရအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအဖြစ်ရပ်တည်ကာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများ ဖွဲ့စည်း တည်ဆောက်ရေးနှင့် လူ့အခွင့်အ‌ရေး၊ လူသားဘဝလုံခြုံမှု၊ အလုပ်သမားများ၏ အခွင့်အရေးနှင့် ကျားမ တန်းတူညီတူရှိရေး စသည်တို့ကို နိုင်ငံရေးမျှော်မှန်းချက်များအဖြစ် လက်ကိုင်ထားပါသည်။

ဒုတိယဝန်ကြီး နိုင်ကောင်းရွက်သည် နိုင်ငံရေးလှုပ်ရှားရာ၌ ၁၉၇၂ ခုနှစ်တွင် မွန်ပြည်သစ်ပါတီထံသို့ ပါဝင်ခဲ့ပြီး မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တွင် တပ်ကြပ်ကြီးရာထူး မှ ဗိုလ်မှူးကြီးရာထူးအထိ (၃၅) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တစ်ခုတည်း၌ပင် ယင်းတပ်မတော်ရှိ စစ်ကော်မတီ တွင် (၁၈) နှစ်အကြာ ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် မွန်ပြည်သစ် ပါတီ၏ ဗဟိုကော်မတီတွင်လည်း အဖွဲ့ဝင်အဖြစ် ထမ်းဆောင်ခဲ့ဖူးပါသည်။ ထို့နောက် ၂၀၀၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အဖွဲ့အစည်း နှစ်ရပ်လုံးထံမှ အငြိမ်းစားယူခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် Rehmonnya Labour Union (RLU) ကို တည်ထောင်ကာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းနိုင်ငံတွင် (၃) နှစ်တာ အလုပ်လုပ်ကိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင်မူ RLU ရုံးကို မွန်ပြည်နယ်သို့ ပြန်လည် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ ထားဝယ်မြို့နှင့် ဘုရားသုံးဆူ နယ်စပ်တို့မှ အလုပ်သမားအများစုကို ကွန်ပြူတာနှင့် စိုက်ပျိုးရေးကဏ္ဍတို့နှင့်စပ်လျဉ်းသော နည်းပညာနှင့် ဗဟုသုတများကို သင်ကြားပို့ချပေးခြင်းအားဖြင့် အလုပ်အကိုင် စွမ်းရည်မြှင့်တင်ရေးကို အဓိကထား လုပ်ဆောင်ပေးခဲ့ပါသည်။

အထူးသဖြင့် ဒုတိယဝန်ကြီး နိုင်ကောင်းရွက်သည် ၎င်းတာဝန်ကျရာ လုပ်ငန်းနယ်ပယ်တွင် စစ်ရေးမဟာဗျူဟာများရေးဆွဲခြင်းနှင့် သင်တန်းပို့ချခြင်းတို့နှင့်ပတ်သက်၍ အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရပြီး ထောက်လှမ်းရေးနှင့် ညွန့်ပေါင်းစစ်ရေးဆိုင်ရာကိစ္စရပ်များတွင်လည်း အတွေ့အကြုံရှိသူတစ်ဦးလည်းဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် တိုင်းရင်းသားစစ်ရေးအတွေ့အကြုံအတွက် (၃၅) နှစ် နှင့် ရွှေ့ပြောင်းအလုပ်သမားနှင့် ဥယျာဉ်မှုး စသည့် အလုပ်သမားများနှင့်ပတ်သက်၍ (၁၀) နှစ်ကျော်ကြာ အတွေ့အကြုံများဖြင့်လည်း ပြည့်စုံသူဖြစ်ပါသည်။ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်သည် ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပြီး မွန်၊ ဗမာနှင့် အင်္ဂလိပ်ဘာသာစကားတို့ကို ကျွမ်းကျင်တတ်မြောက်ပါသည်။