စစ်ရေးသတင်းထုတ်ပြန်ချက် အမှတ် (၁) စစ်ဒေသအတွင်းရှိ ရန်သူ့တပ်အထိုင်စခန်းများနှင့် ရဲစခန်းများကို တပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်
အမှတ် (၁) စစ်ဒေသအတွင်းရှိ ရန်သူ့တပ်အထိုင်စခန်းများနှင့် ရဲစခန်းများကို
တပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်
၁၃၈၅ ခု၊ သီတင်းကျွတ်လပြည့်ကျော် (၅) ရက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် အရုဏ်တက်ချိန်မှစ၍ အမှတ် (၁) စစ်ဒေသအတွင်းရှိ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့တွင် တပ်စွဲထားသော ရန်သူ့တပ်အထိုင်စခန်းများ၊ ရဲစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒေသကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်း လက်တွဲလျက် တပြိုက်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆက်တိုက် သိမ်းပိုက်လျက် ရှိသည်။
(က) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာရှိ ရန်သူ့တပ်အထိုင်စခန်းကုန်းကို ခန္တီးခရိုင်တပ်ရင်း (၁)၊ HPDF 124၊ HPDF မိုးကြိုး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့။
(ခ) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၄) နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်းများကို တမူးခရိုင်တပ်ရင်း (၁)၊ တမူးခရိုင်တပ်ရင်း (၂)၊ အထူးလှုပ်ရှားတပ်ရင်း (၂) နှင့် မဟာမိတ် ABSDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့။
(ဂ) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၃) နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်စည်းကျေးရွာရှိ စကစ အထိုင်တပ်စခန်းကို ကလေးခရိုင်တပ်ရင်း (၄)၊ CNDF၊ CDF KKG၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့။ မွန်းတည့် (၁၂) နာရီ (၁၆) မိနစ်ဝန်းကျင်တွင် အကြမ်းဖက်စစ်တပ်မှ Mi-35 အကြီးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လည်းကောင်း၊ တိုက်ခိုက်ရေးလေယာဉ် (Jet Fighter) ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့။
(ဃ) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၃) နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်း (၁)၊ (၂) တို့ကို အထူးလှုပ်ရှားတပ်ရင်း (၂)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဉ်းစခန်း(၂) ကို သိမ်းပိုက်ရရှိခဲ့။ မွန်းတည့် (၁၂) နာရီ (၄၆) မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ်မှ တိုက်ခိုက်ရေးလေယာဉ် (Jet Fighter) ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့။ အကျဉ်းဦးစခန်း (၁) မှ စစ်ကောင်စီခန့် ရဲ၊ ဝန်ထမ်း (၂၀) ဦး ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့ပြီး အကျဉ်းစခန်း (၁) ကိုပါ မိမိတို့ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့။
(င) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၃) နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အမှတ် (၂၂၈) ခြေလျင်တပ်ရင်း၊ အမှတ် (၆၄၄) စစ်လက်နက်ပစ္စည်းတပ်စုတို့ကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့ပြစီမံချက် UG Drone အဖွဲ့တို့က Drone (၅) စီးဖြင့် တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့။
(စ) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၃) နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ရန်သူ့တပ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့။
(ဆ)၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၃) နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ မြို့နယ်ရဲစခန်းကို ကောလင်းခရိုင်ကွပ်ကဲရေးတပ်စိတ်၊ ကောလင်းခရိုင်တပ်ရင်း (၁)၊ ကောလင်းခရိုင် (၂)၊ ကောလင်းမြို့နယ်ပကဖနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့။ အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေးလေယာဉ် (Jet Fighter) ဖြင့် နံနက် (၈) နာရီ (၄၀) မိနစ်ခန့်တွင် (၄) ကြိမ်၊ ညနေ (၄) နာရီခန့်တွင် (၃) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နံနက် (၁၀) နာရီဝန်းကျင်ခန့်တွင် Mi 35 အကြီးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် နာရီဝက်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့။ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြင်ဦးလွင် ရပ်ကွက်ရှိ ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်။
(ဇ) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၄) နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ မီးသတ်ရုံးနှင့် တီဗီကုန်းတွင် အထိုင်ချတပ်စွဲထားသော ရန်သူ့တပ်ဖွဲ့များကို ကောလင်းခရိုင်တပ်ရင်း (၄)၊ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့။
(ဈ) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၃) နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၊ ဆင်စွယ်ရဲစခန်းကို ကန့်ဘလူခရိုင်တပ်ရင်း (၁)၊ ကျွန်းလှမြို့နယ်ပကဖတို့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့။
(ည) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၅) နာရီမှစတင်၍ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းအား ဂန့်ဂေါခရိုင်တပ်ရင်း(၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ် ABSDF စစ်ကြောင်း (၃) ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ နံနက် (၉) နာရီခွဲခန့်တွင် စခန်းအား သိမ်းပိုက်ရရှိခဲ့။ ဂန့်ဂေါအခြေစိုက် အမှတ် (၃၇၁) အမြောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မင်းရွာဒေသခံ အပြစ်မဲ့ပြည်သူ (၂) ဦး အသက်ဆုံးရှုံးခဲ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)သည် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် လက်တွဲပူးပေါင်းလျက် စခန်းသိမ်းတိုက်ပွဲများကို နိုင်ငံအဝန်းတွင် ဟန်ချက်ညီ ဖော်ဆောင် ဆင်နွှဲလျက်ရှိသည်။ တိုက်ပွဲသတင်းများနှင့် နောက်ဆက်တွဲ အချက်အလက်များကို စစ်ရေးအခြေအနေများပေါ် မူတည်၍ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ပြည်သူထံသို့ အသိပေးတင်ပြအပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။