PDF ရဲဘော်များသို့ ........................ ရေဒီယို NUG အသံလွှင့်အစီအစဥ်

PDF ရဲဘော်များသို့
…………………….
ရေဒီယို NUG အသံလွှင့်အစီအစဥ်
(၂၀၂၃ခုနှစ် မေလ (၅) ရက်)
 
ရဲဘော်တို့
မေလ (၅) ရက်နေ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် သမိုင်းဝင်နေ့ ဖြစ်တယ်။
ဒီနေ့ဆိုရင် ငါတို့တပ်မတော် တည်ထောင်ခဲ့တာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဆိုတာ စစ်မြေပြင်ကနေ ရဲဘော်တို့ အားလုံး သတိတရရှိကြလိမ့်မယ်လို့ ယုံကြည်တယ်။
အချိန်နှစ်နှစ်အတွင်း အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်ပြီး တပ်မတော်တခု ပီပြင်အောင် ကိုယ်တိုင်ပါဝင် တည်ဆောက်ခဲ့ကြတဲ့ ရဲဘော်တယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်သလို ဂုဏ်လည်း ယူတယ်။  နိုင်ငံအပေါ် နှစ်ပေါင်း (၆၀) ကျော် ဗိုလ်ကျ လွှမ်းမိုးခဲ့တဲ့ စစ်အာဏာရှင်စနစ်ကိုအမြစ် ဖြတ်ဖို့ လူငယ်တွေဟာ လက်နက်ကိုင်ခုခံတွန်းလှန်စစ်ကို နောက်ဆုံးနည်းလမ်းအဖြစ်ရွေးချယ်ခဲ့ကြတယ်။ လူစိတ်ပျောက်နေတဲ့အကြမ်းဖက်စစ်တပ်ကို ရရာလက်နက်ကိုင်စွဲပြီး တွန်းလှန်ဖို့ တော်လှန်ရေးအစုအဖွဲ့ တွေကို အနယ်နယ် အရပ်ရပ်မှာ ထူထောင်ခဲ့ကြတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဆိုရင် တော်လှန်ရေးကိုထိထိရောက်ရောက် ဆင်နွှဲဖို့ တော်လှန်ရေးအလွန်မှာ ထူထောင်ရမဲ့ ဖက်ဒရယ်
ပြည်ထောင်စုတပ်မတော်ရဲ့ ရှေ့ပြေး အမြူတေဖြစ်စေဖို့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတဝန်းက တော်လှန်ရေးအစုဖွဲ့တွေကိုစုစည်းပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အမည်ဖြင့် တပ်မတော်သစ် ထူထောင်ဖို့ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာ သမိုင်းရဲ့တောင်းဆိုချက်အရ ဖွဲ့စည်းပေါ်ပေါက် လာခဲ့တာ ဖြစ်တယ်။ပြည်သူလူထုရဲ့ ထောက်ခံပါဝင်မှုသာမရှိဘူးဆိုရင် တပ်မတော် တစ်ခုထူထောင်ဖို့ဆိုတာဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး။ တို့တပ်မတော်အပေါ် ပြည်သူလူထုရဲ့ ကျေးဇူးအထူးကြီးမားတယ်ဆိုတာ ငါတို့မမေ့မလျော့ရှိဖို့လိုတယ်။
ငါတို့လက်မှာ ဘာကြောင့် သေနတ်ကိုင်ထားသလဲ။
မြန်မာတိုင်းရင်သားပြည်သူအားလုံး စစ်ကျွန်ဘဝက အပြီးတိုင်လွှတ်မြောက်ရေး တိုက်ပွဲဝင်ဖို့ဖြစ်တယ်။ ဒီနိုင်ငံရေးအသိကို ရဲဘော်တို့ အားလုံး နေ့စဉ်နဲ့အမျှနှလုံးသွင်းနေဖို့ လိုတယ်။ လက်နက် ကိုင်ပြီး ပြည်သူကို အနိုင်ကျင့်တယ်၊ ဗိုလ်ကျတယ်ဆိုတာအင်မတန် စက်ဆုပ်စရာကောင်းတဲ့အမူအကျင့်ပဲ ဖြစ်တယ်။ ဒီအချက်ကို ရဲဘော်တို့ အထူးသတိပြုဆင်ခြင်ရမှာ ဖြစ်တယ်။
တော်လှန်ရေးပန်းဝင်ခါနီးမှာ တော်လှန်ရေးကိုပုံဖျက်တဲ့ အဖျက်အမှောင့်စကားတွေ ရဲဘော်တို့လည်း ကြားကြလိမ့်မယ်။ အထူးသဖြင့် မြေပြင်မှာလက်နက်ကိုင်ထားတဲ့ အစုအဖွဲ့တွေဟာ တစ်ကွဲတစ်ပြားနဲ့ တစ်ယောက်တစ်ပေါက် ဖြစ်နေတယ် ။NUGအနေနဲ့လဲဒီအခြေအနေကို မထိန်းနိုင် မသိမ်းနိုင်ဘူး။တော်လှန်ရေးတော့ ရေစုန်မျောပါပြီ စတဲ့ အပြောအဆိုမျိုးတွေ ဖြစ်တယ်။ ဒီအချိန်မှာအရေးကြီးဆုံးက ငါတို့တော်လှန်ရေးအင်အားစုအာလုံး စိတ်ရောကိုယ်ပါ ညီညွတ်ကြောင်း ပြည်သူသိအောင် သက်သေပြဖို့ပဲဖြစ်တယ်။
အထူးသတိချပ်ရမှာက ကိုယ့်ရဲဘော်ရဲဘက်အချင်းချင်း ကိုယ့်တော်လှန်ရေးအဖွဲ့အချင်းချင်း ကြားမှာ ပြသနာတစ်စုံတရာရှိခဲ့ရင် ဒီပြသနာကို တော်လှန်ရေးအကျိုးရှေးရှုပြီး စိတ်ရှည်လက်ရှည် ဖြေရှင်းဖို့လိုတယ်။ အထက်တာဝန်ရှိသူတွေကိုလည်း အသိပေးတင်ပြဖို့ လိုတယ်။ ထစ်ခနဲရှိ လက်နက်နဲ့ ဖြေရှင်းတာ အင်အားသုံးဖြေရှင်းတာကို အထူးရှောင်ကြဉ် ကြဖို့သတိပေးလိုတယ်။
လက်ရှိတော်လှန်းရေးအခြေနေကို ကြည့်ရင် အကြမ်းဖက်စစ်ကောင်စီဟာ မြေပြင်မှာ တော်လှန်ရေးရဲဘော်တွေကို မယှဉ်နိုင်တော့တဲ့အတွက် ပိုပြီးမွှန်လာတယ်၊ပိုပြီးလူစိတ်ပျောက် လာတယ်ဆိုတာ အားလုံးအသိပဲ။သူအားသာတဲ့လေကြောင်းနဲ့လက်နက်ကြီး သုံးပြီး PDF ထောက်ခံတဲ့ ကျေးရွာနဲ့ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာတွေ့ရတယ်။ PDF လား၊အရပ်သားလား မခွဲခြားတော့ပဲ ဖမ်းမိသူမှန်သမျှ ခေါင်းဖြတ်သတ်မယ် ၊မျက်လုံးတွေ အရှင်လတ်လတ် ဖောက်ထုတ်ပြီးမှ သတ်မယ် ၊ တချို့အမျိုးသားတွေကို ယောက်ျားအင်္ဂါ ဖြတ်ပြီး သတ်မယ်၊ တချို့မိသားစုတွေကို အိမ်ထဲပိတ်လှောင်ပြီး
မီးလောင်တိုက်သွင်းပြီးသတ်မယ်။
အညာမှာဆိုရင် နှစ်ပေါင်းရာချီခဲ့တဲ့ သမိုင်းဝင်ရွာကြီးအမြောက်အမြား မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်။ ဒါဟာပြည်သူ့အိုးအိမ် ဥစ္စာ ကိုဖျက်ဆီးတာသာမက ကိုယ့်နိုင်ငံရဲ့သမိုင်း ကိုယ့်အမျိုးသား ယဉ်ကျေးမှု ကိုပါ ဖျက်ဆီးနေတာဖြစ်တယ်။ သရဲဘောကြောင်တဲ့စစ်ကောင်စီဟာ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်တဲ့စစ်ရာဇဝတ်မှုတွေကို မျက်ကန်းတစ္ဆေမကြောက် ကျူးလွန်နေပြီလို့ပဲ ဆိုရမယ်။
ဒီရက်စက်ကြမ်းကြုတ်မှုတွေကြောင့်တော့ ပြည်သူ့တော်လှန်ရေး နောက်တွန့်သွားစရာ အကြောင်းမရှိ ၊ တော်လှန်ရေး မအောင်လို့မဖြစ် ၊ ရာဇဝတ်ကောင်တွေကို တရားစီရင်နိုင်ဖို့ တော်လှန်ရေးအောင်မှ ဖြစ်မယ်ဆိုတဲ့ သံန္နိဌာန်ကို ပိုပြီးခိုင်မာစေဖို့ပဲရှိလိမ့်မယ်။
အိမ်နီးချင်းတွေ အပါဝင် နိုင်ငံတကာက မြန်မာ့အရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့အမြန်ဆုံး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုလားနေကြတယ်ဆိုတာ ရဲဘော်တို့လည်း သတိပြုမိလိမ့်မယ်။ မြန်မာပြည်သူတွေဟာ ပုဂ္ဂိုလ်ရေး
မုန်းလို့၊ မကျေနပ်လို့၊ ဒေါသကြောင့်၊ အာဃာတကြောင့် လက်နက်စွဲကိုင်ပြီး ထချနေတာမဟုတ်ဘူး ၊ ဒီနိုင်ငံကို အမျိုးမျိုး ဒုက္ခပေးနေတဲ့ ဖက်စစ်စစ်တပ် အမြစ်ပြတ်မှ အေးမယ်ဆိုတဲ့ ဘဝပေးအသိကြောင့် အသက်တွေဘဝတွေရင်းပြီး တွန်းလှန်တိုက်ပွဲ ဝင်နေကြတာဖြစ်တယ်။ စစ်တပ်ကသာလျှင် နိုင်ငံကိုအစဉ်သဖြင့် ဗိုလ်ကျလွှမ်းမိုးရမယ်ဆိုတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေ ခေါင်းထဲက မိစ္ဆာဒိဌိ အတွေးအခေါ်ကို အမြစ်ဖြတ်နိုင်မှ မြန်မာပြည်ဟာ ရေရှည် တည်တံ့တဲ့ တည်ငြိမ် ငြိမ်းချမ်းမှုနဲ့ဖွံဖြိုးတိုးတက် မှုရလိမ့်ဆိုတာ နိုင်ငံတကာသိစေ လိုတယ်။
မြန်မာပြည်သူတွေအနေနဲ့ တစ်ဖက်မှာ နွေဦးပြည်သူ့တော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ နားလည်မှု၊ အသိမှတ်ပြုမှု ၊ ထောက်ခံမှုရရှိအောင် အဆက်မပြတ်ကြိုးပမ်းနေသလို၊ တစ်ဖက်မှာ ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာကို ရွေးချယ် ဖန်တီးပိုင်ခွင့်ဟာ ကိုယ့်တိုင်းရင်းသား ပြည်သူတွေရဲ့လက်ထဲမှာပဲ ရှိတယ်ဆိုတာ အခိုင်အမာ ယုံကြည်ထားတယ်။
ကိုယ့်ပြည်သူအားနဲ့ တော်လှန်ရေးအောင်ပွဲဆီ ငါတို့
ဆက်လက်ချီတက်ကြမယ်။
ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။
 
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။