စစ်ရေးသတင်းထုတ်ပြန်ချက် ၂၀၂၃ ခုနှစ်၊ ပထမ လေးလပတ်အတွင်း ရန်သူ့တပ်ကို တိုက်ခိုက်ခဲ့မှုများ
စစ်ရေးသတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ ပထမ လေးလပတ်အတွင်း ရန်သူ့တပ်ကို တိုက်ခိုက်ခဲ့မှုများ
၂၀၂၃ ခုနှစ်၊ မေလ (၅) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ တနှစ်မဟာဗျုဟာနှင့်အညီ စစ်ရေးရည်မှန်းချက်ကို ရေးဆွဲချမှတ်ထားပြီး စစ်ဆင်ရေးများကို စဥ်ဆက်မပြတ် ရေးဆွဲ တိုက်ခိုက်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလ အထိ တနှစ်မဟာဗျုဟာ၏ ပထမ လေးလတာ ကာလအတွင်းတွင် ရန်သူ့တပ်ကို ပြည်သူ့စစ်မဟာဗျုဟာနှင့်အညီ ထိုးစစ်အသွင်ဆောင်သော ပြောက်ကျားစစ်ဆင်ရေးများဖြင့် တိုက်ခိုက်ခဲ့ပြီး ရန်သူ့တပ်၏ ရှေ့တန်းစခန်းများ၊ စစ်ကြောင်းများကိုသာမက တပ်ရင်းတပ်ဖွဲ့ နောက်တန်းစခန်း၊ စစ်တိုင်းဌာနချုပ်၊ ခြေမြန်တပ်မဌာနချုပ် (တမခ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ လေတပ်စခန်း၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)၊ စစ်လေယာဉ်ကွင်း၊ ဆီသိုလှောင်ကန်များကို Drone၊ ရှော့တိုက်ဒုံးနှင့်တာဝေးပစ် Rocket များ အသုံးပြု၍ တိုက်ခိုက်နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း အတည်ပြုနိုင်ခဲ့သည့် စစ်ဆင်ရေးများအနေဖြင့် မြို့နယ်အလိုက် ဒရုန်း တိုက်ခိုက်မှု (၁၉၃) ကြိမ်
စခန်းသိမ်း တိုက်ပွဲ (၄၄) ကြိမ်၊ အရေးကြီးပစ်မှတ် တိုက်ခိုက်မှု (၂၆) ကြိမ်နှင့် မြေပြင်ထိတွေ့ တိုက်ပွဲ အကြိမ်ရေ များစွာ ဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်နှင့်၄င်းတို့ကို ထောက်ခံသူအင်အား (၃၉၄၈) ဦး ကို သေဆုံးစေခဲ့ပြီး (၁၇၆၀) ဦး ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်။
စစ်ဆင်ရေးများကို နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) များတွင် ဖော်ဆောင်တိုက်ခိုက်နိုင်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် တပ်တွင်းသတင်းအရင်းအမြစ်များနှင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၊ မဟာမိတ်အဖွဲ့အစည်းများကို လေးစားစွာဖြင့် အသိအမှတ်ပြု ဂုဏ်ယူကြောင်း ဖော်ပြရင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။