ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်

မေလ ၂ရက်၊ ၂၀၂၅ခုနှစ်
 
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါကျေးရွာများ အပါအဝင် နောင်ကုန်းတံတားတို့တွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက ဧပြီလ ၂၈ရက်နေ့တွင် တစ်ပြိုင်နက် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။
 အဆိုပါ စစ်‌ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၄)၊ ဗျူဟာ (၂၅)၊ အမှတ် (၇၈၀၃)တပ်ရင်း(အာဠာဝကစစ်ကြောင်း)၊ အမှတ် (၃၅၀၃)တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဧရာဝတီ အမှတ် (၃)တပ်ရင်း၊ အမှတ် (၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ် (၁၈၀၅) ဒရုန်းအထူးတပ်ဖွဲ့၊ ဗျူဟာ (၂၅၊၂၆) ဒရုန်းတပ်ဖွဲ့၊ တိုင်းလက်နက်ကြီးတပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈)၊ တပ်ရင်း (၉) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
၎င်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဒု-တပ်ရင်းမှူး အပါအဝင် (၂၀)ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ (၃၀)ကျော်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမြောက်အများကို သိမ်းဆည်းရရှိခဲ့သည်။