ထုတ်ပြန်ကြေညာချက် (၁/၂၀၂၃) ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်

ထုတ်ပြန်ကြေညာချက် (၁/၂၀၂၃)
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်
(၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်)
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်း၍ အကြမ်းဖက်စစ်ကောင်စီအား အပြီးတိုင် အမြစ်ဖြတ် ချေမှုန်းရေးအတွက် နိုင်ငံတစ်ဝန်းရှိ စစ်ဒေသခွဲနယ်မြေ အသီးသီးတွင် တပ်ရင်း/ တပ်ဖွဲ့များ ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားမှုများ
စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နိုင်ရန် လမ်းညွှန်မှုများ ပြုလုပ်လျက်ရှိသည်။
၂။ ရန်ကုန်တိုင်းစစ်ဒေသခွဲအနေဖြင့်
နယ်မြေအခြေအနေအရသာမက လုံခြုံရေးအရ ယခင်က မြို့ပြပြောက်ကျား လှုပ်ရှားမှုများဖြင့်သာ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များကို တိုက်ခိုက်ခဲ့ရာမှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းစစ်ဒေသခွဲအတွင်း တပ်ရင်း/ တပ်ဖွဲ့များဖွဲ့စည်းရန် ညွှန်ကြားချက်အရ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း/ တပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စနစ်တကျစုဖွဲ့သွားမည်ဖြစ်သည်။
၃။ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်ကောင်စီကို စစ်နည်းဗျူဟာကျကျ ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း ၅၁၀၁ ကို ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လေ့ကျင့်ရည်ပြည့်ဝ၍ တိုက်ရည်ခိုက်ရည် ကောင်းမွန်ပြီး အမိန့်နာခံမှုအားကောင်းသော စစ်သည်တော်ကောင်းများဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဖွဲ့စည်းကြောင်း ဤစာဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်
ပြည်သူ့ကာကွယ်ရေးတပ်မတော်