အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၃
အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၃
၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၀ ရက်
(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)
“နှစ်သောင်းကျပ်တန်ငွေစက္ကူများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသောအစိုးရများက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ကြေညာခြင်း “
၁။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခြင်း ခံထားရသည့် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်သော ဗဟိုဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း တွေ့ရှိရသည်။
၂။ အဆိုပါလုပ်ရပ်သည် အဖက်ဖက်က အကြပ်တည်းဆိုက်နေသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ၎င်းတို့သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာ ဆင်နွှဲလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများ စဉ်ဆက်မပြတ်ကျူးလွန်နိုင်ရန် လိုအပ်လျက်ရှိသည့်ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုးအစားသစ် စတင်ရိုက်ထုတ်ခြင်းအားဖြင့် အရေးပေါ်ဖြည့်တင်းနိုင်ရေးအတွက် အားထုတ် ဆောင်ရွက်မှုအဖြစ် ကျွန်ုပ်တို့မှတ်ယူသည်။
၃။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီကဖြစ်စေ၊ ယင်းအားဆက်ခံသော အဖွဲ့အစည်းတခုခုကဖြစ်စေ၊ ယင်း၏လက်အောက်ခံ အဖွဲ့အစည်းတခုခုကဖြစ်စေ ငွေစက္ကူအမျိုးအစားသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် တရားဝင်မှု အလျဉ်းမရှိသော လုပ်ရပ်ဖြစ်သည်။
၄။ တရားမဝင်ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေခြင်းသည် ကျွန်ုပ်တို့ ပြည်သူများ၏ လုပ်အားနှင့် ချွေးနှဲစာ စုဆောင်းငွေများကို တဖက်လှည့်ခိုးယူခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံသည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ အဆင်ခြင်မဲ့ လုပ်ရပ်များကြောင့် ယခင် မကြုံဖူးသည့် ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်၌ အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအပေါ် ထပ်မံ၍ ဒုက္ခအကြပ်အတည်း ဆိုက်ရောက်စေသည့် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်သည်။
၅။ သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသော အစိုးရများက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့်တရားမဝင်ငွေစက္ကူများအဖြစ်သတ်မှတ်ကြေညာလိုက်သည်။
(ပုံ) တင်ထွန်းနိုင်
ဥက္ကဋ္ဌ
ကြားကာလဗဟိုဘဏ်
အမျိုးသားညီညွတ်ရေးအစိုးရ