အကြမ်းဖက် အာဏာသိမ်းစစ်တပ်အောက်တွင် ဆက်လက်အမှုထမ်းနေကြသော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ဘက်သို့ ကူးပြောင်း ရပ်တည်၍ “ပြည်သူ့ရင်ခွင်” ခိုလှုံလာကြရန် အထူးတိုက်တွန်းနှိုးဆော်ချက်

အကြမ်းဖက် အာဏာသိမ်းစစ်တပ်အောက်တွင် ဆက်လက်အမှုထမ်းနေကြသော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ဘက်သို့ ကူးပြောင်း ရပ်တည်၍ “ပြည်သူ့ရင်ခွင်” ခိုလှုံလာကြရန် အထူးတိုက်တွန်းနှိုးဆော်ချက်
၂၀၂၃ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့
၁။ ပြည်သူလူထု၏ သဘောထားဆန္ဒကို ဆန့်ကျင်၍ လက်နက်နှင့် အင်အားကို အသုံးပြု အားကိုးကာ အဓမ္မ စစ်အာဏာသိမ်းခဲ့သော အကြမ်းဖက်စစ်တပ်ကို ပြည်သူလူထုတရပ်လုံးက ရရာနည်းလမ်းမျိုးစုံဖြင့် ခုခံတိုက်ပွဲဝင်နေကြသည့် “ပြည်သူ့တော်လှန်ရေး” ကြီးသည် ယခု အချိန်တွင် အရှိန်အဟုန်ကောင်းစွာဖြင့် ရှေ့သို့ ဆက်လက်ချီတက်လျက်ရှိပါသည်။
၂။ အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်သော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များစွာသည် စစ်အာဏာသိမ်းပြီးနောက်တွင် ပြည်သူနှင့် အတူ ရပ်တည်၍ ပြည်သူ့ရင်ခွင်သို့ ကူးပြောင်းခိုလှုံလာလျက်ရှိကြရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၁ ရက်နေ့ အထိ စစ်သည် (၃၂၃၆) ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၉၀၉၁) ဦး၊ စုစုပေါင်း (၁၂၃၂၇) ဦး နှင့်မိသားစုဝင်ဦးရေ ထောင်ကျော် ရှိခဲ့ပြီဖြစ်သည်။ ဤသို့ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ ရဲဘော်များကို ပြည်သူများနှင့်အတူ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရက “ပြည်သူ့သူရဲကောင်းများ” အဖြစ် လေးလေးနက်နက် မော်ကွန်းတင်၊ အသိအမှတ်ပြုကြပြီးလည်း ဖြစ်ပါသည်။
၃။ ပြည်သူ့ရင်ခွင်သို့ ကူးပြောင်းခိုလှုံလာသူများကို အဘက်ဘက်က ကူညီဖြည့်ဆည်းနိုင်ရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်သော “ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည် ဖော်ဆောင်မှုကော်မတီ” ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါကော်မတီနှင့်အတူ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများ ဟန်ချက်ညီလက်တွဲကာ ပြည်သူ့ ဘက်သို့ ကူးပြောင်းလာသော စစ်သည်တော် များနှင့် ရဲတပ်ဖွဲ့ဝင်များကို လုံခြုံရေး၊ ကြိုဆိုရေး၊ နေရာချထားရေး၊ စားဝတ်နေရေး၊ လူမှုရေး စသည့် အဘက်ဘက်က ထောက်ပံ့ကူညီရေးအတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက် ရာတွင် တော်လှန်ရေးကာလ ဖြစ်သည်နှင့်အညီ အပြည့်စုံဆုံး မဟုတ်သည့်တိုင်အောင် ပြည်သူ့ရင်ခွင် ခိုလှုံလာသူအားလုံးအတွက် အတတ်နိုင်ဆုံး အားထုတ်ဖြည့်ဆည်းနေပြီး ဆက်လက်၍ အသက်မွေး ဝမ်းကျောင်းအလုပ်အကိုင်နှင့်ပုံမှန်ဝင်ငွေရရှိရေးအတွက်ပါ စီစဉ်ဆောင်ရွက်လျက်ရှိသည်။ တော်လှန်ရေး အလွန်ကာလတွင်လည်း ဤပြည်သူရင်ခွင် ခိုလှုံလာသူ သူရဲကောင်းများအားလုံးအတွက် ထိုက်တန်သည့် ချီးမြှင့် ဂုဏ်ပြုမှုများ၊ ထောက်ပံ့ကူညီမှုများ ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်သည်။
၄။ ယခုအခါ ပြည်သူ့ရင်ခွင် ခိုလှုံလာသူများအနက် ရဲဘော်အချို့သည် ၎င်းတို့၏ ဆန္ဒအရ ပြည်သူ့ ကာကွယ်ရေးတပ်မတော်တွင် ပါဝင်အမှုထမ်းလျက်ရှိနေပြီဖြစ်သကဲ့သို့ တော်လှန်ရေး အလွန်ကာလတွင် မဖြစ်မနေ ထူထောင်ရမည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်သစ်တွင်လည်း အရေးကြီးသော တာဝန်များ ဆက်လက် ထမ်းဆောင်သွားကြမည်ဖြစ်သည်။
၅။ ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် (၂၉၆၅၀)ဦး သေဆုံးပြီး (၁၁၂၃၀)ဦး ထိခိုက်ဒဏ်ရာ ရသည် အထိ ချေမှုန်းနိုင် ခဲ့ပြီးဖြစ်သည်။ အကြမ်းဖက်သမားများ၊ စစ်ရာဇဝတ်ကောင်များ ဖြစ်ကြသည့် အာဏာသိမ်းစစ်တပ်ကို သစ္စာခံကာ ပြည်သူလူထု၏ ဆန့်ကျင်ဘက်တွင် ဆက်လက်ရပ်တည် နေကြသော စစ်သား၊ ရဲသားများကိုမူ ပြည်သူ့ရန်သူ၊ တော်လှန်ရေးရန်သူအဖြစ် သတ်မှတ်ရမည်ဖြစ်၍ ပြည်သူ့တော်လှန်ရေးကြီး၏ အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းခြင်းကို ခံကြရမည်ဖြစ်ကြောင်းကို တပါတည်း အသိပေးလိုသည်။ အလားတူ တော်လှန်ရေးအလွန်ကာလတွင်လည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ဆိုင်ရာ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆိုပါ ပြည်သူ့ရန်သူဖြစ်ခဲ့သူအားလုံးသည် အမှန်တရားနှင့် တရားမျှတမှုအတွက် ဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးခံရမည်လည်း ဖြစ်သည်။
၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့စည်းများနှင့်အတူ ဟန်ချက်ညီလက်တွဲလျက် ပြည်သူ့ခုခံတွန်းလှန်စစ်ကို အရှိန်အဟုန် ဆက်လက်မြှင့်တင်လျက်ရှိသည်။ တဖက်တွင်မူ အကြမ်းဖက် အာဏာသိမ်းစစ်တပ်အနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာ သံခင်းတမန်ခင်းစသည့် အဖက်ဖက်က ချွတ်ခြုံကျ၊ အကျပ်အတည်းဆိုက် နေရုံသာမက ပြည်သူ့တော်လှန်ရေးကို ဟန့်တားနိုင်ရန်အတွက် ရုပ်ဝတ္ထုအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အားအရ လုံးဝ မဖြစ်နိုင်တော့သည်ကို မြေပြင်အခြေအနေအရ တွေ့ရှိနိုင်မည်ဖြစ်သည်။
၇။ တော်လှန်ရေး၏ အခြေအနေအရပ်ရပ်အရ ပြည်သူ့ရင်ခွင်ခိုလှုံမှုသည် အမြဲတံခါးဖွင့်ထားမည့် အစီအစဉ် မဟုတ်သည်ကိုလည်း သတိပြုစေလိုသည်။ သို့ပါ၍ အကြမ်းဖက် အာဏာသိမ်းစစ်တပ် အောက်တွင် ဆက်လက်အမှုထမ်းနေကြသော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့ရင်ခွင်တံခါးမပိတ်ခင် ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်ကြရန်၊ ပြည်သူနှင့်အတူ ပူးပေါင်းလက်တွဲကာ အကြမ်းဖက်စစ်တပ်ကို ပြန်လည် ခုခံတိုက်ပွဲဝင်သွားနိုင်ရန် အထူးတိုက်တွန်း နှိုးဆော်လိုက်သည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။