သတင်းထုတ်ပြန်ချက်
သတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၄) ရက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)နှင့် ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအကြား စစ်ဘက် ကွပ်ကဲမှု တည်ဆောက်ရေးနှင့် ပြည်သူ့ခုခံစစ်ပွဲ ဆင်နွှဲနေစဉ်ကာလအတွင်း စစ်ဘက်စည်းမျဉ်း စည်းကမ်းများနှင့် ကျင့်ဝတ်များလိုက်နာပြီး ပြည်သူတို့၏ဘဝလုံခြုံမှုနှင့် တရားမျှတမှုတို့အတွက် တော်လှန် တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များဖြစ်လာစေရေး အားသွန်ခွန်စိုက် တည်ဆောက်လျက်ရှိပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူလူထု၏ အသက်၊ ဘဝနှင့် ပုဂ္ဂလိက ပိုင်ဆိုင်မှုများအား နှောင့်ယှက်ဖျက်ဆီးခံရမည့်အရေးကို ကာကွယ်နိုင်ရန်၊ ပြည်သူ့ခုခံစစ်နှင့် ပြည်သူ့တော်လှန်ရေးကာလအတွင်း ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ စစ်ဘက်ရာဇဝတ်မှုများကို စုံစမ်း၊ စစ်ဆေး၊ ကြားနာ၊ ဖော်ထုတ်နိုင်ရန်၊ တရားဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်တရားစီရင်နိုင်ရေးအတွက် အထောက်အပံ့ ဖြစ်စေရန်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု၊ တာဝန်ခံမှုယန္တရားများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ မေလ(၁) ရက်နေ့၊ အမိန့်ကြေညာချက်အမှတ်(၃၃/၂၀၂၃) ဖြင့် “ တိုင်ကြားမှုများဆိုင်ရာကော်မတီ ” ကို ဖွဲ့စည်းခဲ့ပါသည်။
၃။ တိုင်ကြားမှုများဆိုင်ရာကော်မတီသည် ပြည်သူ့ခုခံစစ်နှင့် ပြည်သူ့တော်လှန်ရေးကာလ အတွင်း တရားမျှတမှုကို ဖော်ဆောင်နိုင်ရန်နှင့် ပြည်သူလူထုက တရားမျှတမှုကို ရရှိနိုင်သည်ဟု ယုံကြည်လာနိုင်စေရန် အောက်ပါကဏ္ဍ(၄)ရပ်ကို ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။
-၂-
(က) စစ်ဘက်ကွပ်ကွဲမှုတည်ဆောက်ရေးနှင့် ပြည်သူ့ခုခံစစ်ပွဲ ဆင်နွှဲနေစဉ်ကာလ အတွင်း တရားဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စစ်ဘက်စည်းမျဉ်းစည်းကမ်း များနှင့် ကျင့်ဝတ်များကို လိုက်နာကျင်သုံးနိုင်မှုအားကောင်းလာစေရန်။
( ခ) ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအကြား ပဋိပက္ခများအား ထိန်းညှိဖြေရှင်းနိုင် စေရန်။
( ဂ) ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုနှင့်တာဝန်ခံမှုယန္တရားများ အားကောင်းလာ စေရန်နှင့် ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိနိုင်စေရန်။
(ဃ) ကာကွယ်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် သတ်မှတ်ထားသည့် ဥပဒေ၊ မူဘောင်၊ လုပ်ထုံးလုပ်နည်း များအတိုင်း စည်းစနစ်ကျနစွာ တာဝန်ထမ်းဆောင်စေရန်နှင့် ၎င်းတို့မှ သွေဖီလွဲမှား ပါက တာဝန်ယူမှုရှိစေရေး ထိန်းကျောင်းအပြစ်ပေးအရေးယူနိုင်စေရန်။
၄။ တိုင်ကြားမှုများဆိုင်ရာကော်မတီသည် တိုင်ကြားမှုများနှင့်ပတ်သက်၍ လက်ခံစိစစ်ခြင်း၊ တိုင်ကြားမှုများအား ပဏာမစုံစမ်းစစ်ဆေးခြင်း၊ တိုင်ကြားမှုများနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်း ပေးရန်လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ညှိနှိုင်းဖြေရှင်းနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ တားမြစ်အမိန့်များ ထုတ်ပြန်နိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ အစီရင်ခံတင်ပြခြင်း၊ တိုင်ကြားမှု များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကော်မတီ၊ ကော်မရှင်အဖွဲ့များနှင့် ချိတ်တွဲ ဆောင်ရွက်ခြင်း၊ အမှုများကို ဆက်လက်ကြားနာစစ်ဆေးနိုင်ရန် သက်ဆိုင်ရာဌာနများ၊ ကော်မတီ များ၊ ကော်မရှင်များ ၊ အဖွဲ့များနှင့် စီရင်ပိုင်ခွင့်ရှိသော တရားရေးဌာနများသို့ စနစ်တကျလွှဲပြောင်း ပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
၅။ တိုင်ကြားမှုများဆိုင်ရာကော်မတီသည် ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဦးစီးဌာနများ၊ ကော်မတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်သက်ဆိုင်သည့် တိုင်ကြားမှုများအား ကော်မတီ၏ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း အများပြည်သူ သိရှိနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။
တိုင်ကြားမှုများဆိုင်ရာကော်မတီ
ကာကွယ်ရေးဝန်ကြီးဌာန