ပြည်သူ့တော်လှန်ရေး အင်အားစုများအတွက် လမ်းညွှန်ချက်

ပြည်သူ့တော်လှန်ရေး အင်အားစုများအတွက်
လမ်းညွှန်ချက်
ရက်စွဲ ။ ။ ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာ ၅ ရက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်အာဏာရှင်တွန်းလှန်ရေး ပြည်သူ့ခုခံစစ်ပွဲတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ဦးဆောင်တာဝန်ယူဆောင်ရွက်လျက်ရှိပါသည် ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် လေ့ကျင့်ဖွဲ့စည်းရေး ၊ ညီနောင်တော်လှန်ရေးအင်အားစုများနှင့် သွေးစည်းမဟာမိတ်ဖွဲ့ လက်တွဲဆောင်ရွက်ရေး၊ နိုင်ငံအဝှမ်း ပြန့်နှံ့ပေါ်ပေါက်လျက်ရှိနေသော ဒေသဆိုင်ရာ ကာကွယ်ရေးအဖွဲ့များ၊ မြေပြင်ပြောက်ကျားအင်အားစုများကြား ချိတ်ဆက်ကွပ်ကဲမှု အားကောင်းခိုင်မာလာစေရေးအတွက် အားသွန်ဆောင်ရွက်လျက်ရှိပါသည် ။
၂။ ပြည်သူ့တော်လှန်ရေးအင်အားစုအားလုံးသည် စစ်ကျွန်ဘဝမှ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို လွတ်မြောက်စေလျက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန် ရည်ရွယ်ဖွဲ့စည်းသော တပ်ဖွဲ့များဖြစ်သည့် အားလျော်စွာ စိတ်ဓါတ်ကောင်းမွန်မှု၊ စည်းကမ်းရှိမှု ၊ ကျင့်ဝတ်ရိုသေမှုတွင် နမူနာစံပြဖြစ်စေလျက် ပြည်သူကို လက်တွေ့ကာကွယ်စောင့်ရှောက်နိုင်ရန် ဦးတည်ကြိုးပမ်းကြရပေမည်။
၃။ သိုဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထူထောင်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့(PDF)များ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ အခြား ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့(LDF)များ ၊ မြေပြင်ပြောက်ကျား အင်အားစု (STF)များ အနေဖြင့် အောက်ဖေါ်ပြပါ ကျင့်ဝတ် ၊ စည်းကမ်းများအား စနစ်တကျလိုက်နာ ဆောင်ရွက်နိုင်စေရန် လမ်းညွှန် ထုတ်ပြန်အပ်သည်။
(က) (၁) အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာကျင့်ဝတ် စည်းကမ်းများ (Code of Conduct) ညွှန်ကြားချက်များကို လေးစားလိုက်နာရန်
(၂) ကာကွယ်ရေးဝန်ကြီးဌာနက ထူထောင်လျက်ရှိသော အမိန့်ပေး ကွပ်ကဲမှုစနစ် (Chain of Command) အောက်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်
(၃) ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များအကြား ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ရန်။
(ခ) ပြည်သူ့အကျိုးစီးပွားနှင့် အသက်လုံခြုံမှုကို ထိပါးစေမည့် စစ်ရေးလူပ်ရှားမူများကို ရှောင်ကြဉ်ရန်။
(ဂ) ကာကွယ်ရန်ပုံငွေအလို့ငှာ ဆက်ကြေးကောက်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းများကို လုံးဝမပြုလုပ်ရန်။
(ဃ) သယံဇာတထုတ်ယူသုံးစွဲခြင်း၊ သိမ်းဆည်းရမိသောသယံဇာတများအား စီမံခန့်ခွဲခြင်း အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ တဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက် ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်။
(င) ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များ၊ မြေပြင် ပြောက်ကျားအင်အားစုများသည် တစ်ဖွဲ့ချင်းဖြစ်စေ ၊ ချိတ်ဆက်စုစည်းထားသော အစုအဖွဲ့များအလိုက်ဖြစ်စေ ကာကွယ်ရေး ဝန်ကြီးဌာနသို့ စာရင်းမှတ်တမ်း ပေးသွင်း ထားရှိကြရန်။
(စ) ကာကွယ်ရေးဝန်ကြီးဌာန၏ ချိတ်ဆက် စုစည်းကွပ်ကဲမှုအောက်တွင် မရှိသေးသော အခြားအဖွဲ့များနှင့် မဟာမိတ်ပြုလုပ်လိုပါက ဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက် ရယူရန်။
(ဆ) ကွပ်ကဲမှုအဆင့်ဆင့်၏အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရန်။
(ဇ) ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အမှတ်တံဆိပ်များ ကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခြင်း မပြုရန်။
(ဈ) ဆိုရှယ်မီဒီယာစာမျက်နှာများတွင် အကြမ်းဖက်မှုနှင့် လူမှုပဋိပက္ခကို ဦးတည် စေသော ဖေါ်ပြမှုများ ၊ အသုံးအနှုန်းများကို ရှောင်ရှားရန်နှင့် လျှိုဝှက်အပ်သော စစ်ဆင်ရေး အစီအစဉ်များ ၊ လှုပ်ရှားမှုများ ၊ သတင်းအချက်အလက်များကို ဖေါ်ပြခြင်းမပြုရန်။
၄။ ပြည်သူ့တော်လှန်ရေးအင်အားစုများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ထံမှ အထောက်အပံ့တောင်းခံရယူခွင့် ရရှိစေမည်ဖြစ်ပြီး၊ ဝန်ကြီးဌာနတွင် ရှိသော ရန်ပုံငွေအရင်းအမြစ်နှင့် စစ်ဆင်ရေးလိုအပ်ချက်များအပေါ်မူတည်၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ထောက်ပံ့ဆောင်ရွက်သွားမည် ဖြစ်သည်၊။
ပုံ
အတွင်းရေးမှူး
ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ ညှိနှိုင်းကွပ်ကဲရေး ဗဟိုကော်မတီ။