" ငါ့အလံတော် "

▪️ ယောနသံ

တစ်ယောက်အကြောင်း
ပြောလို့ မပြီးသေးဘူး
နောက်တစ်ယောက်ရဲ့
နာ‌ရေး သတင်းကို ကြားရ။

တစ်ယောက်အကြောင်း
ရေးလို့ မပြီးသေးဘူး
နောက်တစ်ယောက်ရဲ့ ဓါတ်ပုံအဟောင်းကို
ပြန်လည် ရှာ‌ဖွေရ။

မပြောဖြစ်လိုက်တဲ့ စကားတွေ
မပို့ဖြစ်လိုက်တဲ့ မက်ဆေ့ခ်ျတွေ
မကိုင်ဖြစ်လိုက်တဲ့ မစ်ကောတွေ
မတွေ့ဖြစ်လိုက်တဲ့ မျက်နှာတွေ

ဖွင့်ဟ ဝန်မခံမိခဲ့တဲ့
ချစ်ခြင်းတရားတွေ
တစ်ပိုင်းတစ်စနဲ့ အဆုံးသတ်လိုက်ရတဲ့
ကဗျာတွေ။

မနက်ဖန်ဆိုတာ
မရောက်သေးပါဘူးကွာလို့ ပြောရင်း
မနက်ဖန်ကို
တကယ်ရောက်မသွားကြတဲ့ သူငယ်ချင်းတွေ။

ငါ့ကို
အရှင် လတ်လတ်ကြီး
ငရဲမှာ
ပစ်ချ ထားခဲ့ ပါပေါ့။

အသက်ကို
ရှည်အောင် မွေးမြူဖို့ခက်တော့
ဆံပင်ကိုပဲ
ရှည်အောင် မွေးမြူရတယ်။

သေရင် ကျန်ခဲ့တာ ဆံပင်တွေပဲ ရှိတယ်။

ငါ့ ဆံပင်ဟာ
ငါ့ အလံတော်ပဲ။

၁၄.၁၁.၂၀၂၄
(တမလွန်က သူငယ်ချင်းများသို့)