National Unity Government communicate via .nugmyanmar.org websites. (e.g. go.nugmyanmar.org/open)

Secure websites use HTTPS
Look for a lock or https:// as an added precaution. Share sensitive information only on official, secure websites.

ဦးရည်မွန်

ပြည်ထောင်စုဝန်ကြီး

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနတွင် ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခြင်းခံရသော ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် (ခ) မောင်တင်သစ်သည် ပြည်သူ့လွှတ်တော်၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သကဲ့သို့ ကဗျာဆရာတစ်ဦးလည်း ဖြစ်ပါ သည်။ ၎င်းသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ အနိုင်ရရှိခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ မဖွဲ့စည်းမီကာလအတွင်း ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ်ပါသည်။ ၎င်းအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီး အဖြစ် မခန့်အပ်မီတွင် ဦးရည်မွန်သည် နိုင်ငံရေးလှုပ်ရှားမှု အမြောက်အမြားတွင် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ အထူးသဖြင့် ၁၉၈၈ ခုနှစ် အရေးအခင်း ကာလတွင် ဗကသ (အထက်ဗမာပြည်) ကျောင်းသားတစ်ဦးအဖြစ် ဒီမိုကရေစီအရေးတော်ပုံ၌ ပါဝင်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် ၁၉၈၉ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး) မှ ရာသက်ပန် ထုတ်ပယ်ခံခဲ့ရပြီး ၁၉၉၈-၂၀၀၅ ခုနှစ်ကာလများတွင် မန္တလေးအကျဉ်းထောင်နှင့် မြောင်းမြ အကျဉ်းထောင်တို့တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် (၇) နှစ်တိုင် နေထိုင်ခဲ့ရပါသည်။ 

၂၀၁၂ ခုနှစ်တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးရည်မွန်အား ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မန္တလေးတိုင်းဒေသကြီး အောင်နိုင်ရေးအဖွဲ့၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် အောင်နိုင်ရေးအဖွဲ့၏ တာဝန်ခံအဖြစ်လည်းကောင်း၊ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း စသည်ဖြင့် တာဝန် အသီးသီးကို ပေးအပ်ခြင်း ခံခဲ့ရပါသည်။ 

လွှတ်တော်အတွင်း၌ တာဝန်ထမ်းဆောင်ရာတွင်လည်း ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် သည် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံကိုယ်စားလှယ်၊ လုံခြုံရေးကဏ္ဍ လုပ်ငန်းကော်မတီဝင်၊ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်ဖြစ်လည်း ကောင်း၊ အမျိုးသားစီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ စီစစ်ရေး ပူးပေါင်းအဖွဲ့ (၁၀) ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း ကျေပွန်စွာ တာဝန်များ ထမ်းဆောင်ခဲ့သည့်အပြင် လွှတ်တော် ဂျာနယ် နာယကနှင့် လွှတ်တော်မဂ္ဂဇင်းထုတ်ဝေရေးကော်မတီ အတွင်းရေးမှူးတို့အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။  

လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်မှုရှိသော ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကို ၁၉၆၇ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၎င်းသည် တတိယနှစ် M.B.B.S (၁၉၈၄-၁၉၈၈) အထိ တတ်မြောက်အောင်မြင်ထားသူဖြစ်ပါသည်။