အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့်အမှာစကား
၂၀၂၂ခုနှစ်၊ မေလ(၅)ရက်နေ့
ရဲဘော်တို့
အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို တည်ထောင်တာ တစ်နှစ်တင်းတင်း ပြည့်မြောက် ခဲ့ပြီ ဖြစ်တယ်။ ဒီတစ်နှစ်ဆိုတဲ့ အချိန်အတွင်း ဂုဏ်ရောင်ပြောင်တဲ့ တပ်မတော်သစ်တစ်ခုကို တည်ထောင် ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရွံရွံချွံချွံ ဆင်နွှဲနေကြတဲ့ ရဲဘော်တစ်ယောက် ချင်းစီတိုင်းကို ဦးညွှတ် အလေးပြုလိုက်ပါတယ်။
ဒီနေ့၊ဒီရက်မှာ ငါတို့အထူးသတိရနေမိတာက တော်လှန်ရေးအတွင်းကျဆုံးခဲ့တဲ့ရဲဘော်တွေ၊ ခြေလက် အင်္ဂါစွန့်လှူခဲ့ရတဲ့ရဲဘော်တွေကိုပဲဖြစ်တယ်။သူတို့အားလုံးဟာ ပြည်သူ့သူရဲကောင်းတွေအဖြစ် အစဉ်အမြဲ မော်ကွန်းတင် ဂုဏ်ပြုရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ်။
ဒီလို တော်လှန်စစ်ကို ထိထိရောက်ရောက် ဆင်နွှဲနိုင်ဖို့ဆိုတာ ပြည်သူတွေရဲ့ အားပေးထောက်ခံမှု၊ ပြည်သူ တွေရဲ့စွန့်လွှတ်အနစ်အနာခံမှုဟာ အဓိကကျတယ်ဆိုတာကိုလည်းမမေ့မလျော့ရှိရမယ်။ငါတို့တပ်မတော် အနေနဲ့ ပြည်သူ့ကျေးဇူးကို အစဉ်ဦးထိပ်ထားပြီး ပြည်သူကို ရိုကျိုးတဲ့၊ ပြည်သူကို နာခံတဲ့၊ ပြည်သူကို ကာကွယ်စောင့်ရှောက်တဲ့တပ်မတော် ဖြစ်အောင်မမှိတ်မသုန် ကြိုးစားတည်ဆောက်ကြဖို့ လိုတယ်။
ပြည်သူက တာဝန်ကျေတယ်။ ပြည်သူဆိုတဲ့အထဲမှာ စစ်အာဏာရှင်အုပ်စိုးမှုကို လုံးဝ လက်မခံကြောင်း ကိုယ်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကို စွန့်လွှတ်ပြီး အာဏာဖီဆန်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်း တွေပါတယ်။အာဏာသိမ်းတာတစ်နှစ်ကျော်ကြာပေမယ့် ဇွဲနဘဲမလျော့ပဲ လမ်းမပေါ်ထွက်ပြီး အသက်စွန့် ဆန္ဒပြနေတဲ့လူငယ်တွေ၊ အမျိုးသမီးတွေပါတယ်။စစ်ကောင်စီရဲ့အကျဉ်းစခန်းတွေထဲမှာ အချုပ်အနှောင် ခံရ၊ ညှင်းပန်းနှိပ်စက်ခံနေရတဲ့ ရဲဘော်တွေ ပါတယ်။စစ်ကောင်စီတပ်ရဲ့လူသတ်၊ မီးရှို့၊ အကြမ်းဖက်မှုကို နေ့စဉ်ရက်ဆက်ခံနေရပေမယ့် PDFနဲ့တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု မပျက်တဲ့ ကျေးလက်နေ တိုင်းရင်းသားပြည်သူတွေ ပါတယ်။ တစ်ချိန်က စစ်ကောင်စီလက်အောက်ခံဖြစ်ခဲ့ပေမယ့် အကြမ်းဖက်မှု တွေကို မသတီလို့ စစ်ကောင်စီကိုစွန့်ခွာပြီး ပြည်သူနဲ့ပူးပေါင်းလာတဲ့ တပ်မတော်သားတွေ၊ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တွေ ပါတယ်။ သူတို့အားလုံးဟာ ငါတို့ အလေးအမြတ်ပြုရမယ့် ပြည်သူတွေပဲ ဖြစ်တယ်။
ပြည်သူက တာဝန်ကျေချိန်မှာ ဒီတော်လှန်ရေးအောင်ပွဲခံတဲ့အထိ တိုက်ပွဲဝင်ကြဖို့က ငါတို့ပြည်သူ့ ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန် ဖြစ်လာတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်ရာမှာ ကူညီမှု၊ စောင့်ရှောက်မှု၊ ထောက်ပံ့မှု ပေးခဲ့ကြတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များရဲ့ ကျေးဇူးကိုလည်း ငါတို့ အလေးအနက်ထားရမယ်။ တော်လှန်ရေးဆင်နွှဲရာမှာ PDF ရဲဘော်တွေနဲ့ လက်တွဲရှေ့ဆောင်တိုက်ပွဲဝင်နေတဲ့ မဟာမိတ်ရဲဘော်များ အပေါ်မှာလည်း ညီရင်းအကိုစိတ်ဓာတ်မွေးမြူပြီး တစ်သွေးတစ်သားတည်းရှိကြောင်း ဖော်ပြကြရမယ်။
ဒီနေရာမှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဒေသအလိုက် တော်လှန်ရေးအစုအဖွဲ့များ ဖွဲ့စည်းလှုပ်ရှားနေတဲ့ ပျောက်ကြားရဲဘော်တွေနဲ့လည်း နားလည်မှုရှိရှိ၊ ဟန်ချက်ညီညီ လက်တွဲ အလုပ်လုပ်ကြဖို့ လိုတယ်။
မုဆိုးစိုင်သင်ဆိုသလိုပဲ PDF ရဲဘော်များအနေနဲ့ တစ်နှစ်အတွင်း ထိုက်သင့်တဲ့ စစ်ရေးအတွေ့အကြုံ၊ စစ်ရေးအတတ်ပညာများလည်း ဆည်းပူးရရှိထားပြီး ဖြစ်တယ်။ ပျောက်ကြားစစ်၊ လှုပ်ရှားစစ်အရာမှာ ပိုမိုကျွမ်းကျင်ပိုင်နိုင်ပြီး ရန်သူကို အထိနာအောင် တိုက်ခိုက်နိုင်တဲ့ ရဲဘော်တွေဖြစ်လာပြီလို့လည်း ယုံကြည်တယ်။ ရဲဘော်တို့ရဲ့ စွမ်းဆောင်မှုကြောင့် တစ်နေ့တခြားအင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီ တပ်ဟာ စိတ်ဓာတ်အရလည်း ဖရိုဖရဲပြိုကွဲနေပြီဆိုတာ သိသာတယ်။ ဒီအချိန်မှာ ရန်သူကို အနားမပေးဘဲ ပြည်သူ့ရှေ့မှောက်မှာ စစ်အာဏာရှင်တွေ ဒူးထောက်အညံ့ခံရတဲ့အချိန်အထိ အဆက်မပြတ် အရှိန်မြှင့် တိုက်ခိုက်ကြဖို့ အချိန်ဟာ ရောက်ရှိလာပြီ။
ဒါကြောင့် PDFရဲဘော်အားလုံး
(၁) စစ်ဖက်ဆိုင်ရာကျင့်ဝတ်နဲ့စည်းကမ်းများကို လေးစားလိုက်နာကြပါ။
(၂) အထက်အမိန့် အဆင့်ဆင့်ကို နာခံကြပါ။
(၃) သတိ၊ ဝီရိယနဲ့ဉာဏ်ပညာကို ကောင်းကောင်း အသုံးချကြပါ လို့ တိုက်တွန်းလိုတယ်။
ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်။
ရည်မွန်
ကာကွယ်ရေးဝန်ကြီး