တပ်မှူးကြီးများ အစည်းအဝေး (၁/၂၀၂၆) အောင်မြင်စွာ ကျင်းပပြီးစီး


၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်မှူးကြီးများ အစည်းအဝေး (၁/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း (၅) ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ အစည်းအဝေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်နှင့် စစ်ရုံးချုပ် တာဝန်ရှိသူများ၊ အမှတ် (၁) စစ်ဒေသ စစ်ဒေသမှူး၊ တိုင်းစစ်ဌာန (၁၀)ခု နှင့် အထူးလှုပ်ရှားတပ်မတို့မှ တပ်မှူးကြီးများနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်မှ တာဝန်ရှိသူများ၊ စုစုပေါင်း ဦးရေ ၁၀၀ ကျော် စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

၃။ တပ်မှူးကြီးများ အစည်းအဝေးတွင် အောက်ပါကဏ္ဍများကို အလေးပေး ဆွေးနွေးခဲ့ကြပါသည်။
(က) စစ်အခြေခံ သဘောတရားများ (Military Doctrine)
ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် တပ်တည်ဆောက်ရေးလုပ်ငန်းများကို တော်လှန်ရေးကာလအခြေအနေများနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် တပ်မှူးကြီးများအစည်းအဝေး၏ တပ်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်ရန် ဆုံးဖြတ်ချက်များအရ မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခု အစည်း အဝေးတွင် တပ်တည်ဆောက်ရေးအတွက် အခြေခံဖြစ်သည့် အောက်ပါ စစ်အခြေခံ သဘောတရားများ (Military Doctrines)ကို ဆွေးနွေးခဲ့ကြပြီး တပ်မတော်တရပ်လုံး ကျင့်သုံးဆောင်ရွက်နိုင်ရေး လေ့ကျင့်ရေးအစီအစဉ်များတွင် ထည့်သွင်းသွားနိုင်ရေး အပါအဝင် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးချမှတ်ခဲ့ကြပါသည်။

(၁) ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သမိုင်းပေးတာဝန် (၃) ရပ်
(ကက) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးနည်းဖြင့် တိုက်ပွဲဝင်ရန်
( ခခ ) ပြည်ထောင်စုနှင့် ပြည်သူလူထုအား ကျရောက်လာမည့် ရန်စွယ်ဟူသမျှမှ ကာကွယ်စောင့်ရှောက်ရန်
( ဂဂ ) အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု၏ လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲမှု (Security Sector Reform – SSR) နှင့် တည်ဆောက်မှု လုပ်ငန်းစဉ် များတွင် ပါဝင်ရန်။

(၂) စစ်ပွဲဆိုင်ရာ အခြေခံနိယာမ (၁၅) ချက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် စစ်အောင်နိုင်ရာသော အကြောင်း ကြီးများဖြစ်သည့် “ရည်မှန်းချက်ရှိမှု၊ တိုက်စစ်ဆင်မှု၊ အင်အားစုစည်းမှု၊ အင်အားခွဲဝေစီမံထိရောက်စေမှု၊ စစ်ကစားမှု၊ ကွပ်ကဲမှု တစုတစည်းတည်း ဖြစ်မှု၊ လုံခြုံမှု၊ အလစ်အငိုက်ရယူမှု၊ ရိုးရှင်းမှု၊ တရားဝင်မှု၊ စိတ်ဓာတ် တည်ဆောက်ထိန်းသိမ်းမှု၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ သတင်းနှင့် စိတ်ဓာတ်စစ်ဆင်မှု၊ လိုက်လျောညီထွေဖြစ်မှု၊ မဟာမိတ်ဖွဲ့မှု” ဟူသည့် စစ်ပွဲဆိုင်ရာ အခြေခံ နိယာမများကို ဆွေးနွေးခဲ့ကြပါသည်။

(၃) ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးမှု
ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ရန်သူအကြမ်းဖက်စစ်တပ်ကို ရင်ဆိုင် ရာတွင် ပြည်သူ့စစ်မဟာဗျူဟာအ‌ပေါ်အခြေခံ၍ အချိုးမညီစစ်ပွဲ၊ သမား ရိုးကျနှင့် သမားရိုးကျမဟုတ်သော နည်းလမ်းများပါဝင်သည့် ပေါင်းစပ်စစ်ပွဲ (Hybrid Warfare) အခြေခံသဘောတရားများကို ကျင့်သုံး၍ မဟာဗျူဟာ ခုခံစစ်အဆင့်၊ မဟာဗျူဟာမျှခြေအဆင့်နှင့် မဟာဗျူဟာတန်ပြန် ထိုးစစ် အဆင့်တို့ကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိရာ လက်ရှိကာလသည် အဆုံးသတ် တိုက်ပွဲဖော်ဆောင် တက်လှမ်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြသည့် ကာလ ဖြစ်သည်။

(၄) ကွပ်ကဲမှု နှင့် စစ်ဦးစီးစနစ်
ရည်မှန်းချက်ပေးကွပ်ကဲမှု သို့မဟုတ် မစ်ရှင်ကွပ်ကဲမှု (Mission Command) ဟူသည့် ကွပ်ကဲမှုအခြေခံဒဿနကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပင်မ ကွပ်ကဲမှုဒဿနအဖြစ် ကျင့်သုံးလျက်ရှိပြီး စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်၊ စစ်ထောက်လှမ်းရေး၊ ပြည်သူ့လုံခြုံရေးဟူသော အခြေခံစစ်ဦးစီးလုပ်ငန်း (၅) ရပ်ကို ကွပ်ကဲမှုအဆင့်ဆင့် မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် လည်ပတ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

(၅) စစ်ဘက်ခေါင်းဆောင်မှု
ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ဘက်ခေါင်းဆောင်များ လက်တွေ့ လိုက်နာကျင့်သုံးရမည့် အခြေခံမူ (၁၁) ချက်ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

(၆) တပ်တည်ဆောက်ရေးလုပ်ငန်းကြီးများ
ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး များအဖြစ် “စိတ်ဓာတ်ဖြင့် တည်ဆောက်၊ လေ့ကျင့်ရေးဖြင့် တည်ဆောက်၊ စည်းကမ်းဖြင့် တည်ဆောက်၊ ရဲဘော်ရဲဘက်စိတ်ဖြင့် တည်ဆောက်၊ နည်းပညာဖြင့် တည်ဆောက်” ဟူသော တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၅) ရပ်ကို ဆွေးနွေးချမှတ်ခဲ့ကြပါသည်။

(၇) အခြေခံစွမ်းရည် (၅) ရပ်
ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် မဖြစ်မနေရှိရမည့် အခြေခံစွမ်းရည် များအဖြစ် တိုက်ခိုက်ရေးစွမ်းရည်၊ နည်းပညာစွမ်းရည်၊ စီမံအုပ်ချုပ်ရေး စွမ်းရည်၊ ပူးပေါင်းဆောင်ရွက်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် ဟူသည့် အခြေခံစွမ်းရည် (၅) ရပ်ကို ဆွေးနွေးဆုံးဖြတ် သတ်မှတ်ခဲ့ကြပါသည်။

(၈) ညီညွတ်မှု (၃) ရပ်
တော်လှန်ရေးအောင်မြင်မှုအတွက် အရေးကြီးသည့် ကွပ်ကဲမှု ညီညွတ်ခြင်း၊ မဟာဗျူဟာနှင့်ကြိုးပမ်းအားထုတ်မှုညီညွတ်ခြင်း၊ နိုင်ငံရေးညီညွတ်ခြင်း ဟူသည့် ညီညွတ်မှု (၃) ရပ်ကိုလည်း ဆွေးနွေး ချမှတ်ခဲ့ကြပါသည်။

( ခ) စစ်ရေးသုံးသပ်ချက်နှင့် ၂၀၂၆ ခုနှစ် ရည်မှန်းချက်များ
နိုင်ငံလုံးဆိုင်ရာထောက်လှမ်းရေးမှန်းခြေအပေါ် ဆွေးနွေးမှုများ၊ တပ်မှူးကြီးများ၏ တိုင်းစစ်ဌာန၊ တပ်မအလိုက် ဆွေးနွေးတင်ပြချက်များ၊ စစ်ရုံးချုပ် စစ်ဦးစီးဌာနများ၊ ရုံးများ၏ ဆွေးနွေးတင်ပြချက်များ၊ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်တို့၏ ဆွေးနွေး လမ်းညွှန်ချက်များအားဖြင့် အောက်ပါတို့ကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။

(၁) လွန်ခဲ့သည့် တစ်နှစ်တာအတွင်း ရရှိခဲ့သော စစ်ရေးအောင်ပွဲများနှင့် အားနည်းချက်၊ အားသာချက်များ ပါဝင်သည့် ၂၀၂၅ ခုနှစ် စစ်ရေးသုံးသပ်ချက်
(၂) ပထမအကြိမ် တပ်မှူးကြီးများ အစည်းအဝေးမှ အစပြုချမှတ်ခဲ့သော စစ်မဟာ ဗျူဟာနှင့်အညီ ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်ရမည့် စစ်ရေးရည်မှန်းချက်များ နှင့် အစီအစဉ်များ
(၃) တော်လှန်ရေးကို အောင်ပွဲသို့ အမြန်ဆုံးရောက်ရှိစေမည့် အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည့် တပ်တည်ဆောက်ရေး နှင့် စစ်ရေးပြင်ဆင်မှု လုပ်ငန်းစဉ်များ

၄။ တပ်မှူးကြီးများအစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းတွင် စစ်ဦးစီးချုပ်က တပ်မှူးကြီးများအနေဖြင့် တပ်တည်ဆောက်ရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်ပြီး အဆုံးအဖြတ်ထိုးစစ်သို့ တက်လှမ်း နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်း၍ ကျင်းပ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

စစ်ရုံးချုပ်
ပြည်သူ့ကာကွယ်ရေးတပ်မတော်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ