ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ
(Steering Council for the Emergence of a Federal Democratic Union - SCEF)
ထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်
ကျွန်ုပ်တို့ဆင်နွှဲလျက်ရှိသော တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်၍ အမြန်ဆုံးအောင်ပွဲ ရယူ နိုင်ရန်၊ လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF)” ကို အောက်ပါ
၁။ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်
၂။ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် နှင့်
၃။ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်တို့ကို အခြေခံပြီး တရားဝင်ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း ပြည်သူလူထုတရပ်လုံးကို လေးနက်တည်ကြည်စွာ အသိပေးကြေညာအပ် ပါသည်။
ကျွန်ုပ်တို့၏မျှော်မှန်းချက်နှင့် မဟာဗျူဟာရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ်ဖယ်ရှားပစ်ရန်ဖြစ်ပြီး ကျွန်ုပ်တို့၏ နိုင်ငံရေး ရည်မှန်းချက်များ၊ ရပ်တည်ချက်များကို လက်တွေ့ကျကျ၊ ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းအသစ်တခုကို စုစည်းညီညွတ်စွာ စတင် လိုက်ခြင်းဖြစ်ပါသည်။ ထို့အပြင် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော စုံလင် ကွဲပြားသည့် လူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးပြီး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်နယ်များဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ခိုင်မာကောင်းမွန်စွာ တည်ဆောက်သွားရန် ဖြစ်ပါသည်။
ဤရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်နိုင်စေရန် တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ စစ်ရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်မှု၊ ညီညွတ်မှုနှင့် တာဝန်ယူ၊တာဝန်ခံမှုရှိသော ခေါင်းဆောင်မှုတို့ဖြင့် ဦးဆောင်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် အဆိုပါ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် အောက်ပါ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ခိုင်မာစွာ ချမှတ်ထားပါသည်။
(၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်
(၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်
(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်
(၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်
(၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်
(၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်
“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား “မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)” မူကို ကိုင်စွဲမည် ဖြစ်ပါသည် ။ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ် များ၏ သဘောထားအမြင်များထင်ဟပ်ပါဝင်သည့် “စုပေါင်းခေါင်းဆောင်မှု (Collective Leadership)” ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ပါသည် ။
ကောင်စီဝင်အဖွဲ့အစည်းများအနေဖြင့် မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကိုအခြေခံ၍ “မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း – one policy, one strategy” မူဝါဒကို ချမှတ်ကျင့်သုံး၍ စစ်ရေး၊ နိုင်ငံရေး နှင့် အုပ်ချုပ်ရေး ကဏ္ဍများကို ဟန်ချက်ညီပူးတွဲဖော်ဆောင်ပြီး ပိုမိုကျယ်ပြန်သည့် နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုများ နှင့်ဆက်လက်ပူးပေါင်းညှိနှိုင်း၍ ကျွန်ုပ်တို့၏ ရည်မှန်ချက်ပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
ဆက်သွယ်ရန်
ဒေါ်ဇင်မာအောင် – +၆၆၉၄၅၁၅၃၁၇၂
ဆလိုင်းထက်နီ – +၉၁၆၉၀၉၇၅၁၇၂၁
အောင်ဆန်းမြင့် – +၆၆၆၃၀၇၄၉၀၈၇
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ