" ငါ့လူတွေသေသွားတော့ "

▪️ မောင်ဖြိုးဝေ

ငါ ရှင်သန်နေသေးတယ်လို့ ထပ်တွေးမိတယ်။
ငါ ကျန်းမာနေသေးတယ်လို့ ဆက်တွေးဖြစ်တယ်။ သေသွားသူတွေအကြောင်း ရေးထားတဲ့ ငါ့ကဗျာ တပုဒ်ကို အပြေးပြန်ဖတ်ဖြစ်တယ်။ သေသွားသူတွေဟာ သစ်ပင်တွေ ဖြစ်သွားရင်၊ သေသွားတဲ့ ငါ့လူတွေရဲ့ အရိပ်တွေက အေးမြနေတယ်။
သေသွားတဲ့ ငါ့လူတွေအကြောင်းတွေးရင်း ထမင်းတွေစားသောက်မယ်။
သွားနှင့်တော့ သစ်ရွက်တေလေ၊
နွေကို ကြိုတင် သောက်သုံးနှင့်ကြလော့။
ငါမသေချင်သလို ငါ့လူတွေလည်း
ဘယ်သေချင်ပါ့မလဲ။

ရှင်သန်ခြင်းဟာ
မနက်ခင်းစောစော ပြတင်းတံခါးကို
ဖွင့်လိုက်သလို စိမ်းမြနေရမယ်။
ငါ့လူတွေ သေသွားတော့
ကောင်းကင်ကို ကျယ်ကျယ် ငါတို့ ပိုမြင်တတ်ရမယ်။ ငါ့လူတွေသေသွားတာဟာ
ကြယ်တွေ ကြွေသလို မဟုတ်ဘူး။ ဆုတွေတောင်းနေမယ့်အစား လက်သီးကို ကျစ်ကျစ်ပါအောင် ပိုဆုပ်ထားရမယ်။
သေသွားတဲ့ ငါ့လူတွေရဲ့ ပုခုံးသားတွေကို
ငါတို့ကိုယ်ပေါ် ဖြုတ်တင်ယူရဲရမယ်။
ဓမ္မတရားကင်းမဲ့တဲ့ လူတွေရဲ့ စောက်ခွက်ကို စေ့စေ့ကြည့်ပြီး၊ သူတို့တရားကို ငါတို့ စီရင်ရမယ်။

သေလို့ပြီးသွားရမယ့် ပြဇာတ်တပုဒ်ကို ငါ့လူတွေ ကြည့်ခွင့်ပေးလို့ ဘယ်ဖြစ်မလဲ။ အာဏာရှင်တွေရဲ့ ကြိုးစင်ကို လှလှလေး အနှေးပြကွက်နဲ့ ရိုက်ပြခြင်းဟာ ငါတို့အတွက် အဖွင့်ဇာတ်လမ်းပဲ။ သေသွားတဲ့ ငါ့လူတွေရဲ့ အားရပါးရ တီးခတ်မယ့် လက်ခုပ်သံကို ပျော်ပျော်ကြီး ကြားယောင်ကြရမယ်။ သေသွားတဲ့ ငါ့လူတွေ တကယ်ပေးသေလိုက်ပြီလား၊ နေ့စဉ် ငါတို့ မေးရမယ်။ သေသွားတဲ့ ငါလူတွေ ထပ်ပေးသေတဲ့နေ့ဟာ ငါတို့သေတဲ့နေ့ပဲဆို မြဲမြံစွာ သတိတရားထား မှတ်သားရမယ်။

၁၃၊ ဇူလိုင်၊ ၂၀၂၁