ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွတ်၏ PDF ရဲဘော်များသို့ အသံလွှင့်အစီအစဥ် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း Radio NUG တွင် ထုတ်လွှင့်မည်။
ရဲဘော်တို့
ဒီကနေ့ကမ္ဘာှမှာ အင်အားအကြီးဆုံးလို့ဆိုတဲ့ အမေရိကန်စစ်တပ်က တပ်ဖွဲ့ဝင်တွေ သင်ယူရတဲ့ Be, Know, Do ဆိုတဲ့ စကားသုံးလုံးနဲ့ပတ်သက်ပြီး ပြောချင်တယ်။ Be ဆိုတာက ကိုယ်လုပ်မယ့်စစ်ဆင်ရေး၊ ကိုယ်ပါဝင်နေတဲ့ တပ်ဖွဲ့၊ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ယုံကြည်ဖို့ဖြစ်တယ်။
Know ဆိုတာက ကိုယ့်ကို ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်ဖို့၊ တိုက်စွမ်းရည်တိုးတက်အောင် လေ့လာနေဖို့၊ စိတ်ဓာတ်ပိုင်းမှာ အပြန်အလှန် လေ့လာသင်ယူနေကြဖို့၊ နိုင်ငံနဲ့ဆက်စပ်တဲ့ သမိုင်းကြောင်းအားလုံးကို သိရှိနားလည်နေဖို့၊ ကိုယ့်ကိုယ်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနေဖို့ တနည်းအားဖြင့် ဝမ်းစာပြည့်အောင် ဖြည့်နေဖို့ဖြစ်တယ်။
Do ဆိုတာက ရုပ်ပိုင်း စိတ်ပိုင်း ကျန်းမာ ကြံခိုင်ရေး နေ့စဉ် လေ့ကျင့်နေဖို့ဖြစ်တယ်။ တော်လှန်ရေးခရီးက ခက်ခဲ ကြမ်းတမ်းမယ်ဆိုတာ သေချာ သိရှိနားလည်ပြီး အဲဒီနားလည်မှုနဲ့အညီ နိစ္စဓူဝ လေ့ကျင့် ပြောဆို ပြုမူ ကျင့်ကြံနေထိုင်ကြဖို့ပဲ ဖြစ်တယ်။
ဒီစကားသုံးလုံးဟာ ဘယ် လက်နက်ကိုင်တပ်ဖွဲ့အတွက်မဆို လိုက်နာ လုပ်ဆောင်လို့ရတဲ့၊ လိုက်နာ လုပ်ဆောင်သင့်တဲ့ စကားသုံးလုံးဖြစ်တယ်လို့ ငါ ယူဆတယ်။ စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ပွဲဝင်နေတဲ့ ငါတို့လို တော်လှန်ရေးတပ်ဖွဲ့အတွက် ပုံမှန်တပ်ဖွဲ့တွေထက်တောင် ပိုပြီး လိုက်နာ ကျင့်ကြံလုပ်ဆောင်သင့်တယ်လို့ ငါ တိုက်တွန်းချင်တယ်။
ငါတို့တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေရဲ့ အသည်းနှလုံးကို ဆွဲယူ သိမ်းပိုက်နိုင်တဲ့ ပြည်သူချစ် သားကောင်းတွေဖြစ်အောင် အမြဲ နှလုံးသွင်း ဆင်ခြင် လေ့လာ သင်ယူ အားထုတ်နေရမယ်။
မဟာမိတ်တွေနဲ့ပတ်သက်လာရင် အမှားအယွင်းမရှိသလောက် နည်းပါးစွာ ပြောဆို ပြုမူ နေထိုင် လုပ်ကိုင်နိုင်အောင် နေ့စဉ်နှလုံးသွင်း လုပ်ဆောင်နေကြရမယ်။
ရန်သူနဲ့ပတ်သက်လာရင် အသံကြားရုံနဲ့ တုန်လှုပ်သွားစေနိုင်တဲ့ တိုက်စွမ်းရည်၊ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာတို့ကို အစဉ်တစိုက် ပြသနေကြရမယ်။
ရဲဘော်တို့ …
Be – ယုံကြည်ချက် ခိုင်မာသထက် ခိုင်မာအောင် တည်ဆောက်ကြပါ။
Know – တော်လှန်ရေးအောင်မြင်ဖို့အတွက် လိုအပ်တဲ့ အသိ၊ သုတ၊ နည်းပညာ အားလုံးသိအောင် ဖြည့်ဆည်းကြပါ။
Do – ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကို အောင်မြင်ဖို့သာမက နောင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် ငါတို့လူထုက စိတ်ချလက်ချ အားကိုးအားထားပြုနိုင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်အောင် အစဉ်မပြတ် အားထုတ် လုပ်ဆောင်ကြပါလို့ တိုက်တွန်းမှာကြားလိုတယ်။
ငါတို့ခေတ်မှာ စစ်အာဏာရှင်စနစ် မုချကျဆုံးစေရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ခိုင်ခိုင်မာမာရှေ့ဆက်ကြရအောင်ပါ။ ငါလည်း ရဲဘော်တို့နဲ့အတူတူ ပြည်သူ့တော်လှန်ရေး အောင်မြင်ချိန်အထိ ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောလိုတယ်။
ပြည်သူ့အရေးတော်ပုံမုချ အောင်မြင်ရမည်။
နိုင်ကောင်းရွတ်
ဒုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန