အောက်တိုဘာလအတွင်း PDF နှင့် ပကဖ (၆) ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ
၂၀၂၄ ခုနစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှု နှင့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနစ်၊ အောက်တိုဘာလအတွင်း PDF နှင့် ပကဖ စုစုပေါင်း (၆) ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် (၄) ဦး အနက်မှ (၁) ဦးကို ရာထူးမှ ထုတ်ပယ်ခြင်း၊ (၂) ဦးကို တာဝန်မှ (၆) လ ယာယီ ရပ်ဆိုင်းခြင်း၊ (၁) ဦး ကို စာဖြင့် သတိပေး အရေးယူခြင်းတို့ လုပ်ဆောင်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်တရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကာ မျှတသည့် တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ