PDF ရဲဘော်များသို့ နှစ်သစ်ကူးစကား ရေဒီယို NUG အသံလွှင့်အစီအစဥ်

PDF ရဲဘော်များသို့ နှစ်သစ်ကူးစကား
ရေဒီယို NUG အသံလွှင့်အစီအစဥ်
(၁ ဇန်နဝါရီ ၂၀၂၃)
ရဲဘော်တို့
နှစ်သစ်မှာ အားလုံး ကိုယ်စိတ်ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်တယ်။ ပြည်သူ့ တော်လှန်ရေးအတွင်း အသက်နဲ့ဘဝတွေကို စွန့်လွှတ်ထားခဲ့တဲ့ ရဲဘော်တို့ရဲ့ ရင်းနှီးပေးဆပ်မှူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်။
စစ်မြေပြင်မှာ ကျဆုံးဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေ၊ နွေဦးတော်လှန်ရေးအစ လမ်းမတွေပေါ်မှာ သွေးမြေကျ ခဲ့တဲ့ ရဲဘော်တွေ၊ အကျဥ်းထောင်နဲ့စစ်ကြောရေးစခန်းတွေအတွင်း ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ညီအကို တွေ အားလုံးဟာ ပြည်သူ့သူရဲကောင်းတွေပဲ ဖြစ်တယ်။ သူတို့အားလုံးကို ငါတို့ အစဥ်အမြဲအမှတ်တရရှိနေကြမှာ ဖြစ်တယ်။
၂၀၂၃ ခုနှစ်ကတော့ တော်လှန်ရေးအတွက် အရေးကြီးတဲ့နှစ်ဖြစ်လိမ့်မယ်။ ဒီနှစ်အတွင်း တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကို ရယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့မဟာမိတ်များ စိတ်ပိုင်းဖြတ်ထားပြီးလည်း ဖြစ်တယ်။ ဒီ့အတွက် One Year Plan ကို ရေးဆွဲအကောင်ထည်ဖော်နေတယ်ဆိုတာလည်း ရဲဘော်တို့ သိရှိပြီး ဖြစ်လိမ့်မယ်။
တော်လှန်ရေးတစ်ခု ဆင်နွှဲတဲ့အခါ လူအင်အား၊ ရန်ပုံငွေအင်အား၊ လက်နက်အင်အား အဓိက အား(၃)အား လိုအပ်တယ်လို့ ငါတို့ နားလည်တယ်။ ပြည်သူ့ထောက်ခံပါဝင်မှုနဲ့ဆင်နွှဲနေတဲ့ ငါတို့တော်လှန်ရေးဟာ လူအင်အားအရအထူးပြောစရာမလိုဘူး။ရန်သူကို ချေမှူန်းအနိုင်ယူနိုင်တဲ့ လုံလောက်တဲ့အင်အားရှိပြီး ဖြစ်တယ်။ အခုချိန်မှာ အရေတွက်အင်အားကို အရည်ချင်းအင်အားဖြစ်ဖို့ပဲ ငါတို့ အာရုံစိုက်ကြရမယ်။ ရန်ပုံငွေအင်အား အနေနဲ့လည်း ပြည်သူလူထုရဲ့ အဆက်မပြတ်ထောက်ပံ့လှုဒါန်းမှုကြောင့် မျှော်လင့်တာထက် သာလွန်တဲ့ ရန်ပုံငွေ ပမာဏတစ်ခုကို ရရှိထားပြီး ဖြစ်တယ်။
ဒီရန်ပုံငွေအင်အားကို အသုံးပြုပီး တောက်လျှောက်ဖြည့်ဆည်းနေတာက လက်နက်အင်အားပဲ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ PDF တပ်ရင်းတိုင်းကို လက်နက်တပ်ဆင်ပေးနိုင်ဖို့ ပကဖတွေကိုလည်း ထိုက်သင့်တဲ့လက်နက် တိုးချဲ့တပ်ဆင်ပေးဖို့ အစဥ်တစိုက် စီစဥ်ဆောင်ရွက်နေတယ်ဆိုတာလည်း ရဲဘော်တို့ကို အသိပေးလိုတယ်။
ခြုံပြောရင် ပြည်သူ့တွန်းလှန်စစ် ဒုတိယနှစ်မှာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကို ရယူနိုင်ဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေ ရှိပြီးဖြစ်တယ်လို့ ပြောချင်တယ်။ အရေးကြီးတာက တော်လှန်ရေးအင်အားစုတွေရဲ့ စုပေါင်းအားနဲ့ ဒီတစ်နှစ်အတွင်း တစ်သံတည်းညီပြီး တစ်ချီတည်းရုန်းကြဖို့ပဲ ဖြစ်လိမ့်မယ်။ ၂၀၂၃ ဟာ မြန်မာ ပြည်အတွက် မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်မယ်လို့ ငါတို့ ယုံကြည်တယ်။
ပြည်သူ့တော်လှန်ရေးမုချအောင်ရမည်။
ရည်မွန်
ကာကွယ်ရေးဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ