PDF ရဲဘော်များသို့ ........................ ရေဒီယို NUG အသံလွှင့်အစီအစဥ်
PDF ရဲဘော်များသို့
…………………….
ရေဒီယို NUG အသံလွှင့်အစီအစဥ်
(၁ ဖေဖော်ဝါရီ ၂၀၂၃)
ရဲဘော်တို့
ဒီနေ့ဟာ မြန်မာ့နွေဦးတော်လှန်ရေး နှစ်နှစ်တင်းတင်းပြည့်မြောက်တဲ့နေ့ ဖြစ်တယ်။ ဒီနေ့ဟာ အဓမ္မစစ်ဝါဒီတွေက ပြည်သူ့အာဏာကို အကြမ်းဖက်လုယူခဲ့တဲ့ နှစ်နှစ်မြောက်နေ့ဖြစ်သလို မြန်မာပြည်သူတွေအနေနဲ့အတင့်ရဲလှတဲ့စစ်အုပ်စု လူပါးဝလွန်းတဲ့စစ်တပ်ကို ဖြစ်နိုင်တဲ့နည်းလမ်းစုံသုံးပြီး အမြစ်ပြတ် တွန်းလှန်တိုက်ဖျက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတဲ့နေ့လည်း ဖြစ်တယ်။
ဒီတော်လှန်ရေးအတွင်း အသက်ကို၊ ဘဝကို၊ ကိုယ်လက်အင်္ဂါကို၊ အိုးအိမ်ဥစ္စာကို ရင်းနှီးပေးဆပ်ခဲ့ကြတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား အလေးမြတ် ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။
ဒီတစ်ကြိမ် အာဏာသိမ်းမှုဟာ စစ်အုပ်စုအနေနဲ့ ကိုယ့်သေတွင်း ကိုယ်တူးတဲ့လုပ်ရပ်လို့ ပြောရမှာ ဖြစ်တယ်။ အခုဆိုရင် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ နီးသထက်နီးလာပြီ။ စစ်မြေပြင်က ငါတို့ရဲဘော်တွေကတော့ ရန်သူမှာ လေကြောင်းသာမရှိရင် ငါတို့နိုင်နေပြီလို့ ပြောလေ့ရှိကြတယ်။ ဒီစကားဟာ အမှန်တရားပဲ ဖြစ်တယ်။
ရန်သူမှာ လူအားမရှိတော့ဘူး။ စိတ်ဓာတ်အားမရှိတော့ဘူး။ လက်နက်အားကိုးတစ်ခုနဲ့ လေကြောင်းက အလစ်ငိုက်တိုက်ခိုက်ဖို့၊ စစ်ကြောင်းဖွဲ့ပီး အရပ်သားအိုးအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့၊ အပြစ်မဲ့ပြည်သူတွေကို ညှင်းပမ်းသတ်ဖြတ်ဖို့ ဒီအလုပ်ပဲလုပ်နိုင်တော့တယ်။ ဒီအလုပ်ပဲ လုပ်တတ် တော့တယ်။ ငါတို့ရဲဘော်တွေအနေနဲ့ ရန်သူကို စစ်ကြောင်းလိုက်ပြုတ်အောင် ဝိုင်းပတ်ချေမှုန်းနိုင်နေပြီ ဆိုတာလည်း စစ်ရေးအရ အင်မတန်အရေးကြီးတဲ့ တိုးတက်မှုပဲ ဖြစ်တယ်။
လက်နက်ကိုင်ပြီး ပြည်သူပေါ် ရမ်းကားနေတဲ့ စစ်တပ်ဟာ တိုင်းပြည်အတွက် အမှိုက်သရိုက်ပဲ။ ဒီအမှိုက်သရိုက်ကို သုတ်သင်ရှင်းလင်းဖို့အရေး ပြည်သူတွေဟာ သူတို့ပေးဆပ်နိုင်သမျှ ရင်းနှီးပေးဆပ် နေကြတာလည်း ဖြစ်တယ်။
ဒီတော်လှန်ရေး(၂)နှစ်ပြည့်ချိန်မှာ ကာကွယ်ရေးဘက်ကကြည့်ရင် သိသာထင်ရှားတဲ့ ရလဒ် နှစ်ခု ပေါ်ထွက်ခဲ့ပြီလို့ ဆိုရမယ်။ တစ်ခုက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကို ထူထောင်နိုင်ခဲ့ခြင်းပဲ ဖြစ်တယ်။ နောက်တခုက PDF တပ်မတော်နဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကြား စုစည်း ညီညွတ်မှုနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်နိုင်ခဲ့ခြင်းပဲ ဖြစ်တယ်။
အခုဆိုရင် PDF တပ်မတော်မှာ တပ်ရင်း (၃၀၃)ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အနေနဲ့ မြို့နယ်ပေါင်း (၂၆၀)မှာ ဖွဲ့စည်းထူထောင်နိုင်ခဲ့ပြီ။ ငါတို့ရဲဘော်တွေအနေနဲ့လည်း ထိုက်သင့်တဲ့စစ်ပညာနဲ့ ထိုက်သင့်တဲ့စစ်ရေးအတွေ့အကြုံရရှိခဲ့ပြီး ဖြစ်သလို PDF ရဲ့ ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်လောင်း အမြောက်အမြား ပေါ်ထွက်လာတဲ့အတွက်လည်း ငါတို့ဂုဏ်ယူတယ်။
အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ စစ်ရေးဆောင်ရွက်ချက်များ ပိုမိုပြီး ထိရောက်စေဖို့ တပ်မဟာအဆင့်စုဖွဲ့မှုတွေကို မကြာခင်မှာ စတင် ဆောင်ရွက်ဖို့ ရှိတယ်ဆိုတာလည်း အသိပေးလိုတယ်။
စစ်အုပ်စုနဲ့လမ်းခွဲပြီး ပြည်သူနဲ့ပူးပေါင်းခဲ့ရုံမက အခုဆိုရင် PDF တပ်မတော်မှာ ပါဝင်ပြီး ကျရာတာဝန် ထမ်းဆောင်နေကြတဲ့ တပ်မတော်သားအရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ဒီကနေ့မှာ တပါတည်း ချီးကျုးဂုဏ်ပြုလိုတယ်။ ရဲဘော်တို့အနေနဲ့လည်း လက်ရှိတော်လှန်ရေးတာဝန်သာမက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ထူထောင်ရာမှာလည်း အရေးကြီးတဲ့တာဝန်တွေ ထမ်းဆောင်ရဖို့ ရှိတယ်ဆိုတာ အသိပေးလိုတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဒေသအလိုက် အကြမ်းဖက်စစ်တပ်ကို မောင်းထုတ်ဖို့၊ ပြည်သူ့လွတ်မြောက်ရေးဖော်ဆောင်ဖို့ရည်ရွယ်ပြီး ကာကွယ်ရေးစည်းနဲ့အုပ်ချုပ်ရေးစည်း စည်းနှစ်ခု တပြိုင်တည်းချပြီး အကောင်ထည်ဖော်နေတာဖြစ်တယ်။ ကာကွယ်ရေးတာဝန်ရှိတဲ့သူတွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ ကိုယ့်အလုပ်ကိုယ်သိပြီး ကိုယ့်တာဝန်ကိုယ် အကောင်ဆုံး ထမ်းဆောင်ကြရမှာ ဖြစ်တယ်။ တချိန်တည်းမှာပဲ PDF၊ ပကဖ၊ ပအဖတာဝန်ရှိသူတွေကြား အပြန်အလှန်နားလည်မှု၊ အချင်းချင်းညှိနှိုင်းမှု၊ ရိုင်းပင်းမှုနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်တယ်။
ငါတို့တစ်ယောက်တစ်ပေါက်ဖြစ်တယ်
၊အချင်းချင်းစိတ်ဝမ်းကွဲတယ်၊အားပြိုင်တယ်၊ ဗိုလ်လုပ် ချင်သူများနေတယ်ဆိုရင် ပြည်သူကို အားလျော့စိတ်ပျက်စေမှာ ဖြစ်တယ်။ပြည်သူ့မျက်နှာ ထောက်ထားပြီး ငါတို့ ညီညွတ်ကြရမယ်။
ဒီတော်လှန်ရေးမှာ ပြည်သူက အင်မတန်တာဝန်ကျေတယ်။ ပြည်သူ့စွန့်လွှတ်ပေးဆပ်မှုက သမိုင်းတစ်လျှောက် မကြုံဖူးအောင်ပဲ ဖြစ်တယ်။ ပြည်သူရဲ့ထောက်ခံပါဝင်မှုကြောင့်ပဲ တော်လှန်ရေးဟာ ရှင်သန်နေတယ်။ ဒီတော်လှန်ရေး အမြန်ဆုံး အောင်ပွဲနဲ့အဆုံးသတ်ဖို့က တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ၊ ရဲဘော်တွေရဲ့ တာဝန်ဖြစ်တယ်ဆိုတာ ငါတို့ သတိချပ်ရမယ်။
ငါတို့ သွေးကွဲမယ်ကြံရင် ပြည်သူ့မျက်နှာ ပြန်ကြည့်ကြပါ။ တသံတည်းညီ တချီတည်းရုန်းခြင်း အားဖြင့် အဆုံးသတ်အောင်ပွဲကို ရယူကြပါ။
ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။
ရည်မွန်
ကာကွယ်ရေးဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ