PDF ရဲဘော်များသို့ (ရေဒီယို NUG အသံလွှင့်အစီအစဥ်)
PDF ရဲဘော်များသို့
(ရေဒီယို NUG အသံလွှင့်အစီအစဥ်)
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့
ပြည်သူ့ကာကွယ်ရေးရဲဘော်များ ခင်များ
ဒီနေ့ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ခုခံတွန်းလှန်စစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲကြဖို့ တပ်လှန့်နှိုးဆော်ခဲ့တာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်တယ်။ တကယ်တမ်းမြေပြင်မှာ ရဲဘော်တို့ လက်တွေ့တိုက်ပွဲဝင်နေခဲ့ကြတာက ဒီရက်ထက် အများကြီးစောတယ်။ ဒီခုခံတွန်းလှန်စစ်အတွင်း ရဲဘော်တို့အားလုံးရဲ့ သူရသတ္တိနဲ့စွန့်လွှတ်ပေးဆပ်မှုများအတွက် အထူးဂုဏ်ယူကြောင်း ပြောလိုတယ်။
စစ်ပွဲတစ်နှစ်တာအတွင်း သိသာထင်ရှားတဲ့တိုးတက်မှု၊ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ရမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာကိုလည်း တွေ့နိုင်တယ်။
ဘယ်လိုတိုးတက်အောင်မြင်မှုတွေ ငါတို့ရယူနိုင်ခဲ့သလဲ။
PDF ဟာ ရန်သူဘယ်လိုမှ ချေမှုန်းဖို့ မဖြစ်နိုင်တော့တဲ့ တပ်မတော်သစ်တစ်ခုအဖြစ် ပေါ်ထွက်ခဲ့ပြီဖြစ်တယ်။ ငါတို့ရဲဘော်တွေ ဟာလည်း ဒီတစ်နှစ်အတွင်း တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအတွေ့အကြုံများ ရရှိခဲ့ပြီလည်းဖြစ်တယ်။
အစဥ်အလာကြီးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EROs) တွေဟာ ဒီတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ရှေ့ဆောင် ပါဝင်နေကြ ပြီဖြစ်လို့ ရန်သူကို ချေမှုန်းအနိုင်ယူမယ့် ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစုကြီး ပေါ်ပေါက်လာခဲ့ပြီလို့လည်း ဆိုရမယ်။
အထူးသဖြင့် ငါတို့အားလုံး ဦးညွှတ်အလေးပြုရမှာက ငါတို့ပြည်သူတွေရဲ့ဂုဏ်ရောင်ပြောင်တဲ့ တော်လှန်ရေးစိတ်ဓာတ်ပဲ ဖြစ်တယ်။ စစ်ကောင်စီရဲ့အကြမ်းဖက်မှု အမျိုးမျိုးကို ကြံ့ကြံ့ခံပြီး တော်လှန်ရေးမှာ သံဓိဌာန်ရှိရှိ ထောက်ခံပါဝင်နေတဲ့ ငါတို့ ပြည်သူတွေကို တော်လှန်ရေးအောင်ပွဲ ရယူပေးခြင်းအားဖြင့်သာ ငါတို့ကျေးဇူးဆပ်နိုင်ပေလိမ့်မယ်။
ဘယ်လိုလိုအပ်ချက်၊ ဘယ်လိုစိန်ခေါ်မှုတွေ ငါတို့မှာ ရှိနေသေးသလဲ။
တော်လှန်ရေးတပ်ဖွဲ့အားလုံးကို လုံလောက်အောင် လက်နက်တပ်ဆင်ပေးနိုင်ဖို့ဆိုတာ ငါတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်တယ်။လက်နက်လုံလုံလောက်လောက် တပ်ဆင်ပေးနိုင်ဖို့အတွက် လုံလောက်တဲ့ ဘဏ္ဍာရန်ပုံငွေရရှိရေး အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ နည်းလမ်းစုံကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာ အသိပေးလိုတယ်။ အရေးအကြီးဆုံးကတော့ ဒေသတိုင်းမှာ ပြန့်နှံ့ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေကို Chain of Command တစ်ခုအောက်မှာ စုစည်းနိုင်ရေး ဖြစ်တယ်။ ဒီ့အတွက် လွန်ခဲ့တဲ့တစ်နှစ်လုံး အားစိုက်လုပ်ဆောင်ခဲ့ကြရတယ်။
ကွပ်ကဲမှုတည်ဆောက်တဲ့အခါ စစ်ဒေသအဆင့်နဲ့ ခရိုင်အဆင့် အဓိကအဆင့်နှစ်ဆင့်ရှိတယ်ဆိုတာ ရဲဘော်တို့လည်း သိပြီး ဖြစ်တယ်။ စစ်ဒေသကို မဟာဗျူဟာလိုအပ်ချက်အရ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များရဲ့ ပူးပေါင်းပါဝင်မှုနဲ့ဖွဲ့ စည်းတယ်။ လိုအပ်တဲ့နေရာတွေမှာ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တွေ ဖွဲ့စည်းလုပ်ဆောင်ရတာလည်း ရှိတယ်။
ခရိုင်အဆင့်ကွပ်ကဲမှုကတော့ ခရိုင်ကွပ်ကဲရေးမှူးဦးဆောင်ပြီး ဒေသတွင်းက PDF တွေ၊ ပကဖ တွေ၊ LDF တွေ အားလုံးကို စုစည်းကာ ဗျုဟာမြောက် ကွပ်ကဲမှုနဲ့စစ်ဆင်မှုဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်။
အခုဆိုရင်တော်လှန်ရေးကာလ တစ်နှစ်အတွင်းမှာ
လိုအပ်တဲ့ Chain of Command တည်ဆောက်မှုကို ကွက်ပြည့်နီးပါး ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်တယ်။ ခရိုင်ကွပ်ကဲရေးအဖွဲ့တွေ အနေနဲ့ဆိုရင် အချိတ်အဆက်မမိသေးတဲ့ ကာကွယ်ရေးအဖွဲ့တွေကို မြေပြင်မှာ တွေ့ဆုံပြီး ခရိုင်အလိုက် စုစည်းမှုပုံစံကို ရှင်းပြတယ်၊ ပြီးရင် အားလုံးအတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းနေကြတာဖြစ်တယ်။
ဒီတော်လှန်ရေးမှာ ငါတို့ဟာ တစ်ယောက်တစ်ပေါက်၊ တစ်ကွဲတပြားစီ လုပ်နေသမျှ တော်လှန်ရေး မြန်မြန်အောင်ဖို့ မမျှော်လင့် နိုင်ဘူး။ ငါတို့အားလုံးရဲ့စုစည်းညီညွတ်မှုသည်သာ ဒီတော်လှန်ရေးရဲ့အသက်ဖြစ်တယ်ဆိုတာလည်း ရဲဘော်တို့ သဘောပေါက် ခံယူပြီး ဖြစ်တယ်။
ပြည်သူ့အုပ်ချုပ်ရေးယန္တရား တည်ဆောက်တဲ့နေရာမှာလည်း စစ်ရေးတာဝန်ရှိတဲ့သူတွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ခရိုင်အလိုက် မြေပြင်မှာ တွေ့ဆုံပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တဲ့လမ်းညွှန်မှုတွေ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ထုတ်ပြန်ထားပြီး ဖြစ်တယ်။
ဒီတစ်နှစ်လုံး ရဲဘော်တို့ အဓိကတောင်းဆိုခဲ့ကြတာက လက်နက်အမြန်ဆုံးတပ်ဆင်ပေးဖို့ပဲ။ ဒါဟာ ရဲဘော်တို့ရဲ့ တော်လှန်ရေး စိတ်အားထက်သန်မှုကို ဖော်ပြရာလည်းရောက်တဲ့အတွက် ငါတို့အလေးအနက်ထားတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ရနိုင်သမျှ လက်နက်ရှာဖွေဖို့၊ ရတဲ့ လက်နက် ရဲဘော်တို့ကို အမြန်ဆုံးတပ်ဆင်ပေးနိုင်ဖို့ သက်ဆိုင်ရာမဟာမိတ်တွေ၊ စစ်ဒေသတွေနဲ့ညှိနှိုင်းပြီး ဆက်တိုက် ဆောင်ရွက်နေတာ ဖြစ်တယ်။
သို့သော်လက်နက်တပ်ဆင်နိုင်စွမ်းက အကန့်အသတ်ရှိနေသေးတယ်ဆိုတာတော့ ဝန်ခံရမယ်။ရှိတဲ့လက်နက်ကို ဗျုဟာမြောက် တပ်ဆင်နိုင်ဖို့ စီစဥ်ဆောင်ရွက်ရတယ်။လက်နက်တပ်ဆင်တယ်ဆိုတာ သူ့ချည်းသက်သက် ဆောင်ရွက်လို့ ရတာမျိုး မဟုတ်ဘူး။ စုဖွဲ့မှု၊ ကွပ်ကွဲမှု၊ တပ်ဆင်မှုနဲ့အင်အားဖြန့်ကျက်မှု ဒီလုပ်ငန်းစဥ်အားလုံးကို တပြိုင်တည်း ဆက်စပ်ဆောင်ရွက် ရတယ်ဆိုတာလည်း ရဲဘော်တို့ နားလည်စေချင်တယ်။
လက်နက်တပ်ဆင်မှုဟာ ဆက်တိုက်ဆောင်ရွက်နေမယ့် အစီအစဥ်ဖြစ်တယ်။ အခုဆိုရင် ပြည်သူ့ရဲ့အားပေးထောက်ခံမှုနဲ့အတူ ရန်ပုံငွေရရှိမှုဟာလည်း တိုးတက်နေသလို၊ လက်နက်ခဲယမ်းမီးကျောက် ရှာဖွေရရှိမှုဟာလည်း ပိုပြီးလမ်းပွင့်လာပြီလို့ ပြောရမယ်။
ပြီးခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ကာလကို သုံးသပ်ရင် တော်လှန်ရေးအောင်ဖို့ လိုအပ်တဲ့ ရေခံမြေခံ အားလုံးကို ငါတို့ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်တယ်။ ရှေ့လာမယ့်နှစ်ကတော့ တော်လှန်ရေးအတွက် အထူးအရေးကြီးလိမ့်မယ်။ ရန်သူကို အချိန် ပေးလို့ မရတော့ဘူးဆိုတာ သေချာတယ်။ ဒီ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့မဟာမိတ်များအားလုံး လာမယ့်တစ်နှစ် အတွင်း တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်တယ်ဆိုတာလည်း အသိပေးလိုတယ်။
ငါတို့အားလုံး တစ်သံတည်းညီပြီး တစ်ချီတည်း ရုန်းကြရလိမ့်မယ်။
ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ