PDF ရဲဘော်များသို့..........................(ရေဒီယို NUG အသံလွှင့်အစီအစဥ်)

PDF ရဲဘော်များသို့
……………………..
(ရေဒီယို NUG အသံလွှင့်အစီအစဥ်)
၁၃ ဧပြီ ၂၀၂၃

ရဲဘော်တို့ အားလုံး ဒီကနေ့ စတင်တဲ့ နှစ်ကူးသင်္ကြန်ပွဲတော်နဲ့နှစ်သစ်အခါသမယမှာ ကိုယ်စိတ်ကျန်းမာကြစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်တယ်။
အသက်နဲ့ဘဝတွေ ပေးဆပ်ပီး တော်လှန်ရေးခရီး နှစ်နှစ်ကျော်တဲ့အထိ ကြံ့ကြံ့ခံ ဖြတ်သန်းနေကြတဲ့ ရဲဘော်တို့အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ အထူးဂုဏ်ယူကြောင်း ပြောလိုတယ်။
ဒီကနေ့ စစ်ရေးအခြေအနေကို ကြည့်ရင် အကြမ်းဖက်စစ်ကောင်စီဟာ သူရဲ့ သေရေးရှင်ရေး အတွက် လက်ကျန်အင်အားကို စုပြီး မြေပြင်ထိုးစစ်တချို့ လုပ်နေတာ တွေ့ရမယ်။ အထူးသဖြင့် ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ကရင်ဒေသတွေမှာ ဖြစ်တယ်။ သို့သော် သူ့ရဲ့ထိုးစစ်အားလုံးဟာ သဲထဲရေသွန်ချည်းပဲ။ စစ်မျက်နှာတိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေ အထိနာ၊ တပ်လန်သွားအောင် တော်လှန်ရေး ရဲဘော်တွေ စွမ်းဆောင်နိုင်ခဲ့ကြတယ်။
မြေပြင်မှာ အရေးမလှတိုင်း စစ်ကောင်စီဟာ သူ့ရဲ့ လေကြောင်းအားကိုးနဲ့ လက်စားချေလေ့ ရှိတယ်။ ဒီတလအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ရာနဲ့ချီ ပြုလုပ်ခဲ့တာ တွေ့ရတယ်။ သို့သော် လေကြောင်း အန္တရာယ်ကို ကြံ့ကြံ့ခံပြီး ရန်သူ့စစ်ကြောင်းတွေ ရှေ့မတိုးနိုင်အောင် ကောင်းကောင်း ဟန့်တားနိုင်ခဲ့ကြတယ်။
မြေပြင်အင်အားချင်း မယှဥ်နိုင် ၊ စစ်ကိုစစ်နဲ့တူအောင် မတိုက်နိုင်တော့တဲ့ အကြမ်းဖက်စစ်တပ်ဟာ သူရဲဘောကြောင်ရုံမက လူမဆန်တဲ့စစ်ရာဇဝတ်မှုတွေ တနေ့ထက်တနေ့တိုးပြီး ကျုးလွန်လာတာကိုလည်း တွေ့ရတယ်။ အဲ့ဒါကတော့ အရပ်သားကျေးရွာတွေ အရပ်ဖက်ပစ်မှတ်တွေကို လက်ရဲဇက်ရဲ ဗုံးကြဲတိုက်ခိုက်နေတာပဲ ဖြစ်တယ်။
ပြီးခဲ့တဲ့ ဧပြီ (၁၀)ရက်က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။ နောက်ရက် ဧပြီ (၁၁)ရက်မှာတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီး ကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ပြန်တယ်။ ဝေဘူလရွာမှာ အရပ်သား(၉)ဦးကျဆုံးပြီး (၄) ဦး ဒဏ်ရာရရှိ ခဲ့တယ်။ ပဇီကြီးရွာ ဖြစ်စဥ်ကတော့ နွေဦးတော်လှန်ရေးကာလတလျှောက် အသေအပျောက်အများဆုံးနဲ့ ဝမ်းနည်းကြေကွဲ စရာ အကောင်းဆုံး ဖြစ်ခဲ့တယ်။ အခုထိ နာမည်နှင့်တကွ စာရင်းကောက်ခံရရှိသူ သေဆုံးသူ (၁၄၄)ဦး ရှိပြီး ဒီထဲမှာ ကလေးငယ်အယောက်(၂၀)နဲ့ အမျိုးသမီး(၄၀)ကျော် ပါဝင်တယ်။
ပဇီကြီးရွာအပါအဝင် ဒေသခံပြည်သူတွေဟာ အထူးလေးစားဖို့ကောင်းတယ်။ သူတို့ဟာ စစ်တပ်အာဏာသိမ်းမှုကို လုံးဝလက်မခံခဲ့ကြဘူး။ စစ်ကောင်စီအုပ်ချုပ်ရေးကို လူထုအားနဲ့ တိုက်ဖျက်ပြီး ကိုယ့်ရွာကိုယ် အုပ်ချုပ်ကြတယ်။ ကိုယ့်ရွာလုံခြုံရေး ကိုယ့်ဘာသာတာဝန်ယူကြတယ်။ ကိုယ့်လွတ်လပ်မှု ကိုယ့်ဘာသာဖန်တီးကြတယ်။ ဒီရွာနဲ့ပတ်ဝန်းကျင်ဒေသမှာ စစ်ကောင်စီ အုပ်ချုပ်ရေးဆိုတာ မရှိဘူး။ စစ်ကောင်စီရဲ့ လုံခြုံရေးအထိုင်စခန်းဆိုတာလည်း မရှိဘူး။ ရွာစဥ်လှည့် မီးရှို့လေ့ရှိတဲ့ ရန်သူ့စစ်ကြောင်းတွေလည်း ဝင်မလာနိုင်တာ ကြာပြီ။
ဒီတော့ အတော်အတန်အေးချမ်းတဲ့ တည်ငြိမ်တဲ့ဒေသလို့ ဆိုရမယ်။ ဒါ့ကြောင့် ရွာထဲမှာ ခေတ်အဆက်ဆက်ရှိခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မြေကွက်လပ်ရှိတဲ့ ရွာစွန်ရွှေ့ဆောက်ကြတယ်။ ပြီးတော့ အညာဓလေ့ရွာဓလေ့အတိုင်း ရွာနီးချုပ်စပ်ကိုပါဖိတ်ပြီး ဧည့်ခံကျွေးမွေးကြတယ်။ ဒါဟာ လျှို့ဝှက်အစည်းအဝေး တခုမဟုတ်ဘူး။ ရပ်သိရွာသိ လူသိရှင်ကြားပြုလုပ်တဲ့ အစီအစဥ်တခုသာ ဖြစ်တယ်။ ဒီပွဲကို ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွလည်း လာရောက်ကြတယ်လို့ သိရတယ်။
စစ်ကောင်စီအနေနဲ့ ဒါဟာ ရွာတရွာဖြစ်တယ်။ စစ်စခန်းတခုမဟုတ်ဘူး။ စစ်ရေးပစ်မှတ် မဟုတ်ဘူးဆိုတာ သိသိနဲ့ စစ်တပ်အုပ်စိုးမှုကို လက်မခံတဲ့ ရွာတရွာအပေါ် အညှိးတကြီးနဲ့ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခဲ့တာပဲ ဖြစ်တယ်။ ဒါဟာ စစ်ရာဇဝတ်မှုတခု၊ လူသား မျိုးနွယ်ပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတခု ဒါကို ပြောင်ကျကျကျုးလွန်ခဲ့တာလည်း ဖြစ်တယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တို့အနေနဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ဟာ ပိုပြီး ကြီးလေးလာပြီလို့ မှတ်ရမယ်။ ကိုယ့်ရဲဘော်၊ ကိုယ့်တပ်ဖွဲ့ တွေ ရန်သူ့လေကြောင်း အန္တရာယ် ကင်းဝေးအောင် စီမံကြရမှာ ဖြစ်သလို ကိုယ့်ပတ်ဝန်းကျင်က ပြည်သူတွေအတွက်လည်း ရှေ့ဆောင်လမ်းပြမှု၊ အသိပညာပေးမှုများ ပြုလုပ်ပြီး ကြိုတင်ကာကွယ်ရေး အစီအစဥ်တွေ ချမှတ် အကောင်အထည်ဖော်ရာမှာလည်း ဝိုင်းဝန်းကူညီကြရမယ်။ ဒီ့အတွက် PDF၊ ပကဖ၊ ပအဖ တာဝန်ရှိသူအားလုံးဟာ မြို့နယ်အလိုက်၊ ခရိုင်အလိုက် လိုအပ်တဲ့ ညှိနှိုင်းပြင်ဆင်မှုတွေ ရှိကြဖို့ လိုတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ရမ်းကားမှုကြောင့် ထိခိုက်ကျဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းရပါကြောင်း သဘောထားဖော်ပြလိုတယ်။
တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနဲ့ ငါတို့ရှေ့ဆက်ကြရမယ်။
ပြည်သူ့တော်လှန်ရေးမုချအောင်ရမည်။
 
ရည်မွန်
ကာကွယ်ရေးဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ။