အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားများကျင်းပ
ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999 – အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းများ၌ တပြိုင်တည်း ကျင်းပခဲ့ကြသည်။
အခမ်းအနားများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ဖတ်ကြားခြင်း၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရုံး စစ်ဆင်ရေးမှုး ရဲဘော်စောရှားမှ ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ စစ်ရုံးချုပ် ဒု-စစ်ရေးချုပ်မှ ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တာဝန်ခံ ရဲဘော်အောင်စံရှားမှ (၄) နှစ်ပြည့်မိန့်ခွန်းပြောကြားခြင်းနှင့် ရန်ကုန်တိုင်း ပကဖ ထောက်ပို့တာဝန်ခံ မှ ဂုဏ်ပြုအမှတ်တရစကားများ အသီးသီးပြောကြားခဲ့သည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ စတင်ဖွဲ့စည်းပေးခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် တပ်ဖွဲ့စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ