ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၃၀) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးအုပ်ချုပ်သော နယ်မြေအတွင်း ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးသည့် အခမ်းအနားကို အုပ်ချုပ်ရေးနယ်မြေ တနေရာတွင် ဇန်နဝါရီ ၂၅ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့နှင့်အတူ ဒေသခံပြည်သူများ၊နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့များနှင့် ပအဖ၊ပကဖ၊ပလဖ ရဲဘော်များ တက်ရောက်ကြသည်။
မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများမှာဘိန်းဖြူ ၆၅၄၅ခွက်၊WY စိတ်ကြွဆေးပြား ၄,၆၇၂,၀၀၀ပြား ဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း တစ်သိန်းခန့် ရှိကြောင်း သိရသည်။
ဘိန်းဖြူများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဖမ်းဆီး၍ အမျိုးသားညီညွတ်ရေးအစိုးရထံ အပ်နှံခဲ့ခြင်းဖြစ်ပြီး ကျန် WYစိတ်ကြွဆေးပြားများမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါး သယ်ဆောင်မှုနှင့်ပတ်သက်သော တရားခံများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။