ဗိုလ်မှူး (၂) ဦး အပါအဝင် စုစုပေါင်း (၄၀၉) ဦး (၇) လ အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ပကဖအဖွဲ့များကို ဆက်သွယ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ (၇) လတာ ကာလအတွင်း ဗိုလ်မှူး (၂) ဦး အပါအဝင် စုစုပေါင်း (၄၀၉) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သည်။ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ (၄၀၉) ဦးတွင် လက်နက်ဖြင့် ဝင်ရောက်လာသူ (၁၇၉) ဦး ရှိပြီး လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
အကြမ်းဖက်စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်မှုထမ်း နှင့် SNA တပ်ဖွဲ့များမှ ခိုလှုံလာသူ (၄၀၉) ဦးတွင် စစ်တပ်မှ ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၆) ဦး၊ ဗိုလ် (၁) ဦး တို့ ပါဝင်ပြီး ရန်သူ့စစ်အရာရှိ အဆင့်များကပါ အကြမ်းဖက်စစ်တပ်ကို လက်ခံလိုခြင်းမရှိသည်ကို ပြသလျက်ရှိသည်။
အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်း အသိပေးထုတ်ပြန်အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ