တိုင်ကြားမှုများဆိုင်ရာကော်မတီ

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအကြား စစ်ဘက်ကွပ်ကဲမှု တည်ဆောက်ရေး နှင့် ပြည်သူ့ခုခံစစ်ပွဲ ဆင်နွှဲနေစဥ်ကာလအတွင်း စစ်ဘက် စည်းမျဥ်း စည်းကမ်းများ နှင့် ကျင့်ဝတ်များလိုက်နာပြီး ပြည်သူတို့၏ ဘဝလုံခြုံမှု နှင့် တရားမျှတမှု တို့အတွက် တော်လှန်တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်လာစေရေး အားသွန်ခွန်စိုက် တည်ဆောက်လျက်ရှိသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူလူထု၏ အသက်၊ ဘဝနှင့် ပုဂ္ဂလိကပိုင်ဆိုင်မှုများအား နှောင့်ယှက်ဖျက်ဆီးခံရမည့်အရေးကို ကာကွယ်နိုင်ရန်၊ ပြည်သူ့ခုခံစစ်နှင့် ပြည်သူ့တော်လှန်ရေးကာလအတွင်း ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ စစ်ဘက်ရာဇဝတ်မှုများကို စုံစမ်း၊ စစ်ဆေး၊ ကြားနာ၊ ဖော်ထုတ်နိုင်ရန် နှင့် တရားဥပဒေများနှင့်အညီ ဆက်လက်တရားစီရင်နိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေရန်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုနှင့် တာဝန်ခံမှုယန္တရားများ ပိုမို အားကောင်းလာစေရန် ရည်ရွယ်၍  ဤ တိုင်ကြားမှုများဆိုင်ရာကော်မတီအား  ဖွဲ့စည်းရခြင်းဖြစ်သည်။

တိုင်ကြားမှုများဆိုင်ရာကော်မတီ၏ ရည်ရွယ်ချက်

၃။   နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်ဘက်/ အရပ်ဘက်ပြစ်မှုများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ချိုးဖောက်၍ ပြည်သူလူထု၏အသက်၊ ဘဝနှင့် ပုဂ္ဂလိကပိုင်ဆိုင်မှုများ နှောင့်ယှက်ဖျက်ဆီးခံရမည့်အရေးတို့မှ ကာကွယ် တားဆီးမှုပေးနိုင်စေရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန်။  

၄။   ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအကြား ပဋိပက္ခများအား ထိန်းညှိဖြေရှင်း နိုင်စေရန်။ 

၅။   ပြည်သူ့ခုခံစစ်နှင့် ပြည်သူ့တော်လှန်ရေးကာလအတွင်း ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ စစ်ဘက်ရာဇဝတ်မှုများကို စုံစမ်း၊ စစ်ဆေး၊ ကြားနာ၊ ဖော်ထုတ်နိုင်ရန်နှင့် လိုအပ်သလို တရား            ဥပဒေ များနှင့်အညီ ဆက်လက်အပြစ်ပေးတရားစီရင်နိုင်ရေးအတွက် အထောက်အပံ့ ဖြစ်စေရန်။  

၆။   ပြည်သူ့တော်လှန်ရေးကာလအတွင်းနှင့် အသွင်ကူးပြောင်းရေးကာလတွင် တရားမျှတမှု ကို ဖော်ဆောင်နိုင်ရန်နှင့် ပြည်သူလူထုက တရားမျှတမှုကို ရရှိနိုင်သည်ဟု ယုံကြည်လာ နိုင်စေရန်။  

၇။   ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုနှင့်တာဝန်ခံမှုယန္တရားများ အားကောင်းလာစေရန် နှင့် ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိနိုင်စေရန်။  

၈။   စစ်ဘက်ကွပ်ကဲမှုတည်ဆောက်ရေးနှင့် ပြည်သူ့ခုခံစစ်ပွဲ ဆင်နွှဲနေစဥ် ကာလအတွင်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စစ်ဘက်/အရပ်ဘက် အမိန့်ညွှန်ကြားချက်၊ ကြေညာချက်၊ စည်းမျဉ်း          စည်းကမ်းများ၊ စစ်ဘက်ရေးရာမူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများနှင့် စစ်ဘက် ဆိုင်ရာကျင့်ဝတ်များ လိုက်နာကျင့်သုံးနိုင်မှုအား စောင့်ကြည့်ထိန်းကျောင်းရန်။ 

၉။   ကာကွယ်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း များသည် သတ်မှတ်ထားသည့် ဥပဒေ၊ မူဘောင်၊ လုပ်ထုံးလုပ်နည်းများအတိုင်း စည်းစနစ်ကျနစွာ              တာဝန် ထမ်းဆောင်စေရန်နှင့် ၎င်းတို့မှ သွေဖီလွဲမှားပါက တာဝန်ယူမှုရှိစေရေး ထိန်းကျောင်းအပြစ်ပေး အရေးယူနိုင်ရန်။

ဖွဲ့စည်းခြင်း

၁၀။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့၊ အမိန့်အမှတ် (၃၃/၂၀၂၃) ဖြင့် တိုင်ကြားမှုများဆိုင်ရာကော်မတီကို ဖွဲ့စည်းခဲ့သည်။

၁၁။ တိုင်ကြားမှုများဆိုင်ရာကော်မတီ၏ လုပ်ငန်းစဉ်များမှာ –

(က) တိုင်ကြားမှုများအား လက်ခံခြင်း၊ စိစစ်ခြင်း၊ ပြစ်မှုများအလိုက် သုံးသပ်ခွဲခြားခြင်း။

(ခ) တိုင်ကြားမှုများအား ပဏာမ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်း။

(ဂ) ညှိနှိုင်းဖြေရှင်းပေးရန်လိုအပ်သည့် အမှုများကိုအချိန်နှင့်တပြေးညီ ညှိနှိုင်းဖြေရှင်းနိုင်ရေး စီစဥ်ဆောင်ရွက်ခြင်း။

(ဃ) တိုင်ကြားမှုများ၊ ပြစ်မှုများနှင့်ပတ်သက်၍ လိုအပ်သည့် သက်သေ၊ အထောက်အထားများအား တောင်းခံခြင်း၊ လူသက်သေများအား ဆင့်ခေါ်မေးမြန်း စစ်ဆေးနိုင်ခြင်းနှင့်ထွက်ဆိုချက်များအား သက်သေခံအကျဉ်းချုပ် ရယူခြင်း။

(င) တားမြစ်မိန့်များ ထုတ်ပြန်နိုင်စေရန် ကာကွယ်ရေးဝန်ကြီးဌာနထံ တင်ပြခြင်းနှင့်ခွင့်ပြုချက်ဖြင့် တားမြစ်မိန့်ထုတ်ပြန်ခြင်း။

(စ) တိုင်ကြားမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ/ ကော်မတီများ/ ကော်မရှင်များ/ အဖွဲ့များနှင့် ချိတ်တွဲဆောင်ရွက်နိုင်ခြင်း။

(ဆ) အမှုများကို ဆက်လက်ကြားနာစစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများ/ ကော်မတီများ/ ကော်မရှင်များ/ အဖွဲ့များနှင့် စီရင်ပိုင်ခွင့်ရှိသော တရားရေးဌာနများသို့ စနစ်တကျ လွှဲပြောင်းပေးခြင်း။

၁၂။ အမှုအခင်းများနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာ အထောက်အကူပြုနိုင်ရန် လိုအပ်ပါက ဥပဒေ အထောက်အကူပြုပုဂ္ဂိုလ် ထံသို့လည်းကောင်း၊ စစ်ဥပဒေရုံးသို့လည်းကောင်း အကြံပြုချက်များ တောင်းခံခြင်း။

၁၃ ။ ကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်ဖြစ်စေ၊ ကော်မတီအဖွဲ့ဝင်များ၏ သဘောတူညီမှု ဖြင့်ဖြစ်စေ အမှုအခင်းများ၏ တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်များအား ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စစ်ဘက်/အရပ်ဘက် စည်းမျဥ်းစည်းကမ်းများ၊ အမိန့် ညွှန်ကြားချက်များ၊ ကြေညာချက်များ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များနှင့်အညီ သက်ဆိုင်ရာ ရုံး/ဌာနများက စိစစ်အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး၊ ဒု-ဝန်ကြီး၊ အတွင်းဝန် (သို့မဟုတ်) ပြည်ထောင်စု ဝန်ကြီးက လွှဲအပ်ထားသည့် အာဏာပိုင်အရာရှိနှင့် တစ်လလျင် အနည်းဆုံး (၂)ကြိမ် အစည်းအဝေး ပြုလုပ်၍ တင်ပြခြင်း၊ ဆုံးဖြတ်ချက်/ လမ်းညွှန်မှု ခံယူ၍ ဆောင်ရွက်ခြင်း။

(က) ထိုအစည်းအဝေး၌ ဆုံးဖြတ်ဆောင်ရွက်မည့် အမှုအစီရင်ခံစာများအား ပြည်ထောင်စု ဝန်ကြီး၊ ဒု-ဝန်ကြီး၊ အတွင်းဝန် (သို့မဟုတ်) ပြည်ထောင်စုဝန်ကြီးက လွှဲအပ်ထားသည့် အာဏာပိုင်အရာရှိထံသို့ ဖတ်ရှုနိုင်ရန်အတွက် ကြိုတင်တင်ပြခြင်း။

(ခ) ထိုသို့ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုဆိုင်ရာ ပြစ်ဒဏ်များ ဖြစ်ပါက ယင်းအစည်းအဝေးမှ လည်းကောင်း (သို့မဟုတ်) ပြည်ထောင်စုဝန်ကြီး ကလွှဲအပ်ထားသည့် အာဏာပိုင်အရာရှိ ၏ ဆုံးဖြတ်ချက်/ လမ်းညွှန်ချက်/ အမိန့်အား အကောင်အထည်ဖော်ရန် တိုင်ကြားမှုများ ဆိုင်ရာကော်မတီကဖြစ်စေ၊ သက်ဆိုင်ရာရုံး/ဌာနကဖြစ်စေ၊ စီမံဆောင်ရွက်ခြင်း၊ ညွှန်ကြားဆောင်ရွက်ခြင်း။

၁၄။ တိုင်ကြားမှုများဆိုင်ရာကော်မတီသည် အပိုဒ်-၁၁ ပါ အပိုဒ်ခွဲများအရ ဆုံးဖြတ်ဆောင်ရွက်သည့် အမှုအခင်းများ၏ တိုးတက်မှု အခြေအနေများကို ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ရုံး/ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ကာ နောက်ဆုံးအခြေအနေအား ပြုစု၍ လစဉ် အစီရင်ခံတင်ပြခြင်း။

ဆက်သွယ်ရန်

+66815640464

+1(272)379-7602