စစ်ဘက်တရားစီရင်ရေး

အမျိုးသားညီညွတ်ရေးအစိုးရသည် စည်းကမ်းပြည့်၍စွမ်းရည်မြင့်မား‌သောတာဝန်ယူမှု၊ တာဝန်ခံမှုရှိ‌သောပြည်သူ့ကာကွယ်‌ရေးတပ်မတော်ဖြစ်‌ပေါ်လာစေရန်ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ (၅-၈-၂၀၂၂) ရက်စွဲပါ အမိန့်အမှတ်(၁/၂၀၂၂) ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ စစ်တရားရုံးချုပ် နှင့် အကျဉ်းစစ်တရားရုံးချုပ် ဖွဲ့စည်းခွင့်အာဏာကို အပ်နှင်းခဲ့သည်။

ထို့အတူ စစ်စည်းကမ်းထိန်းသိမ်း‌ရေး နှင့် စစ်ဘက်ဆိုင်ရာစစ်ဆေးစီရင်မှုများအား  ကြားကာလနှင့်လိုက်လျောညီထွေမှုရှိသည့်နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ (၂၅-၉-၂၀၂၃) ရက်စွဲပါဥပဒေကဲ့သို့အာဏာတည်သောအမိန့် (၃/၂၀၂၃) ဖြင့်ကာကွယ်ရေးဝန်ကြီးဌာနကိုအခွင့်အာဏာအပ်နှင်းခဲ့ပါသည်။

ယင်းအခွင့်အာဏာများကို ကျင့်သုံးလျက် အောက်ပါ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့သည် -

၁။  စစ်တရားရုံးများ လုပ်ထုံးလုပ်နည်း (အမိန့်အမှတ် – ၁၇၀/၂၀၂၃)

၂။  စစ်ဘက်ရေးရာဥပဒေနှင့်ထုံးတမ်းများကို လိုက်နာရသူများ ကျူးလွန်သောပြစ်မှုများအနက် စီမံခန့်ခွဲရေးအရ အရေးယူနိုင်သည့် ပြစ်မှုများတွင်  အချုပ် ပြစ်ဒဏ် (၆) လအထိ အမြင့်ဆုံးချမှတ်နိုင်ကြောင်းအမိန့် (အမိန့်အမှတ် – ၆၄/၂၀၂၄) 

၃။ စုံစမ်းစစ်ဆေးရေးခုံရုံးဆိုင်ရာ လုပ်ထုံးလုပ်နည်း (အမိန့်အမှတ် – ၁၅၈/၂၀၂၄)

၄။ စစ်ခုံရုံးဆိုင်ရာလုပ်ထုံး (အမိန့်အမှတ် – ၁၇၂/၂၀၂၄)

၅။ ဖမ်းဆီးချုပ်နှောင်ခြင်း နှင့် အချုပ်တရားခံ ထွက်ပြေးခြင်းဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ထုံး (အမိန့်အမှတ် – ၃၅/၂၀၂၅)

လုပ်ငန်းစဉ်

၁။ တိုင်ကြားမှုများဆိုင်ရာ ကော်မတီ (သို့မဟုတ်) စစ်ရုံးချုပ်၊ စစ်ရေးဌာန၊ တရားရေးနှင့် စစ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာဌာနခွဲ (သို့မဟုတ်) 

ပကဖရုံးချုပ်၊ စည်းကမ်းထိန်းသိမ်းရေးရုံး တို့က အမှုဖြစ်စဉ်အား လက်ခံရရှိပြီးနောက် ကနဦး စုံစမ်းမှု ပြုလုပ်သည်။

၂။ ကနဦး စုံစမ်းပြီးနောက် စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း စစ်ဆေးသည်။

၃။ စုံစမ်းစစ်ဆေးရေးခုံရုံး၏ အစီရင်ခံစာ (သက်သေခံအကျဉ်းချုပ်များနှင့်တကွ) အား သုံးသပ်၍ စစ်ဥပဒေရုံး၏ ဥပဒေအကြံပြုချက်များနှင့်အညီ စစ်တရားရုံးဖြင့်သော်လည်းကောင်း၊ စစ်ခုံရုံးဖြင့်သော်လည်းကောင်း၊ စီမံခန့်ခွဲမှုနည်းလမ်းများအရသော်လည်းကောင်း အရေးယူဆောင်ရွက်သည်။