၀န်ကြီးဌာနသမိုင်းကြောင်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)အတွင်း တိုင်ပင်ညှိနှိုင်း၍ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CPRH)၏ အတည်ပြုချက်ဖြင့် ၂၀၂၁ ခုနစ်၊ ဧပြီလ(၁၆)ရက်နေ့တွင် ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် ဒုတိယသမ္မတ(ယာယီသမ္မတ)၊ ပြည်ထောင်စုဝန်ကြီးချုပ်တို့ ဦးဆောင်လျက် ဝန်ကြီးဌာန (၁၇)ခု၊ ပြည်ထောင်စုဝန်ကြီး (၁၆)ဦး၊ ဒုတိယဝန်ကြီး (၁၇)ဦး တို့ဖြင့် ဖွဲ့စည်းသည်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦး၊ ပြည်နယ်အတိုင်ပင်ခံကောင်စီများမှ တာဝန်ပေးစေလွှတ်သူ (၁၂) ဦး၊ နွေဦးတော်လှန်ရေးအင်အားစုများမှ တာဝန်ပေးစေလွှတ်သူ နှင့် တတ်သိပညာရှင် (၁၂)ဦးပါဝင်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖွဲ့စည်းပုံကို ကြည့်လျှင် (de jury legitimacy) ခေါ်သော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူက အပ်နှင်းသော တရားဝင်မှုနှင့် (de facto legitimacy) ခေါ်သော နယ်မြေထိန်းချုပ်မှုနှင့် ပြည်သူလူထုထောက်ခံမှုမှ ရရှိသော တရားဝင်မှု ဟူသည့် တရားဝင်မှု နှစ်ရပ် ပေါင်းစပ်ပေါ်ပေါက်လာခြင်းဖြစ်သည်ကိုတွေ့ရမည်။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာန (၁၇) ခု တွင် ကာကွယ်ရေးဝန်ကြီးဌာနကို ဌာနတခု အဖြစ် ပါဝင်ဖွဲ့စည်းခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနကို ၂၀၂၁ ခုနစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် လွတ်မြောက်နယ်မြေ တခုတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးရည်မွန်၊ ဒုဝန်ကြီးအဖြစ် ဒေါ်ခင်မမမျိုး၊ နိုင်ကောင်းရွက်တို့ အပါအဝင် တော်လှန်ရေးတာဝန်ထမ်းဆောင်မည့် ရဲဘော်တချို့ဖြင့် စတင်ဖော်ဆောင်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ဂုဏ်သိက္ခာလုံးဝ ကင်းမဲ့နေသော အကြမ်းဖက်အာဏာသိမ်းစစ်တပ်၏ဖြစ်စဉ်ကို မိမိတို့၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တည်ထောင်ရာတွင် ကောင်းစွာသင်ခန်းစာယူ၍ စနစ်တကျ ပြင်ဆင်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များလိုက်နာရမည့် ကျင့်ဝတ်များ၊ စည်းမျဉ်းများစည်းကမ်းများ (Code of Conduct) ကို နိုင်ငံတကာစစ်ဘက်ဆိုင်ရာစံနှုန်းများနှင့်အညီဖြစ်စေရန် သတ်မှတ်ပြဋ္ဌာန်းဆောင်ရွက်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်တို့ကို ကွပ်ကဲ၍ ယင်းတို့အောက်တွင် အဆင့်ဆင့်သော ကွပ်ကဲရေးရုံးများ ဖွဲ့စည်းကာ တော်လှန်ရေး ဦးတည်ချက်ဖြစ်သည့် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ မျှော်မှန်းချက်ဖြစ်သည့် ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် စုံလင်ကွဲပြားသောလူမျိုးများ၏ သရုပ်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးသည့်ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအပြည့်အဝရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိသည်။