အကြမ်းဖက်စစ်ကောင်စီ စစ်သုံ့ပန်း(၂၂)ဦးနှင့်လက်နက်အများအပြားသိမ်းဆည်းရရှိ
၂၀၂၅ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့
အမှတ်(၂) စစ်ဒေသခွဲ(JOC)၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့ပူးပေါင်း၍ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို ဇွန်လ(၂၆)ရက်နေ့က တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ(၂၅) တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း(၈)၊တပ်ရင်း(၉)တို့ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်( ၇ )ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှာ အထိအခိုက်များစွာဖြင့် ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၂)ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သည်။
ထို့ပြင် လက်နက်မျိုးစုံ (၂၈)လက်နှင့်ခဲယမ်းများ၊ အခြားစစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ဂျနီဗာကွန်ဗန်းရှင်း (Geneva Conventions) နှင့်အညီ စနစ်တကျ ထိန်းသိမ်းထားကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ