ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီစခန်း (၉)ခုကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်
၂၀၂၅ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့
ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့်စခန်း (၉)ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက်ရှိ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များက ဇွန်လ (၂၅)ရက်၊ မနက်အစောပိုင်းတွင် တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရရှိကာ ရဲအုပ်တစ်ဦး အပါအဝင် စစ်သုံ့ပန်း(၃)ဦးကို ဖမ်းဆီးရရှိခဲ့သည်။
တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်အစုံ (၁၆)လက်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။
ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ရပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၎င်းတိုက်ခိုက်မှုများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ(၂၄) နဂါးနီစစ်ကြောင်း၊ အာဠာဝကတပ်ရင်း၊ အမှတ်(၃၅၀၃) တပ်ရင်း၊ဖြူး(ပကဖ)၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း(၉)၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တိုင်းစစ်ဌာန(ပဲခူး) မှ ပဲခူးတိုင်းအတွင်း စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်လျှက်ရှိသဖြင့် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ