မကွေးတိုင်းစစ်ရေးအခြေအနေ
သတင်းထုတ်ပြန်ချက်
၁၃၈၇၊ ပြာသိုလဆန်း ၁၀ ရက်
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့)
(၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံလျက် အကြမ်းဖက်စစ်ကော်မရှင်အား ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိပါသည်။
(၂) အကြမ်းဖက်စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲ ပထမအကျော့ ကျင်းပမည့် မကွေးတိုင်းအတွင်းရှိ စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် အပါအဝင်မြို့နယ်ပေါင်း (၆) မြို့နယ်မှ ရန်သူ့ စစ်စခန်းများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက် အရုဏ်တက်ချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၏ ဦးစီးကွပ်ကဲမှုဖြင့် စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။
(၃) ထိုးစစ်အတွင်း အဆိုပါမြို့နယ်များရှိ အကြမ်းဖက်စစ်ကော်မရှင်၏ အုပ်ချုပ်ရေး နှင့် စစ်ရေးကဏ္ဍဆိုင်ရာ အခြေခံအဆောက်အဦးများကို မီးရှို့ဖျက်စီးနိုင်ခဲ့ပါသည်။
(၄) ပြည်သူလူထုကို ဦးတည်လျက် လေကြောင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုသော လေယာဉ်ဗုံးများ ထုတ်လုပ်ရာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ (၂၁)၊ ကပစ (၂၂) နှင့် လက်နက်ကြီး ကျည်ဆံများထုတ်လုပ်ရာ ပေါက်မြို့နယ်အတွင်းရှိ ကပစ (၂၄) တို့ကို သွယ်တန်းထားသော လျှပ်စစ်မဟာဓါတ်အားလိုင်းမှ ဓါတ်တိုင်ပေါင်း (၁၀၀) ကျော်ကို တပြိုင်နက်တည်း မိုင်းခွဲတိုက်ခိုက်ခဲ့ပါသည်။
(၅) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့ ည (၇) နာရီခန့်တွင် စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ ဦးတည်ထွက်ခွါလာသော အင်အား (၁၇၀) ခန့်ပါဝင်သည့် ရန်သူ့စစ်ကူစစ်ကြောင်းအား မိမိတို့ တပ်ဖွဲ့ဝင်များမှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ရန်သူ့စစ်ကြောင်းတွင် ပါရှိသည့် လက်နက်ခဲယမ်း နှင့် ဒရုန်းများ တင်ဆောင်လာသော မော်တော်ယာဉ် (၅) စင်းစလုံး နေရာတွင်ပင် ပေါက်ကွဲပျက်စီးပြီး ရန်သူများ အထိအခိုက်အကျအဆုံးများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားရပါသည်။
(၆) ယခုအခါ စလင်းမြို့နယ်အတွင်း စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့အား တော်လှန်ရေးအင်အားစုများမှ ဝန်းရံပိတ်ဆို့ထားလျက်ရှိပါသည် ။
(၇) ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် သစ္စာအဓိဌာန် (၄) ချက်ကို ခံယူလျက် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ