လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် ကြောက်လန့်တကြား၊ ဦးတည်ရာမဲ့ထွက်မပြေးရ။ လေကြောင်းတိုက်ခိုက်မှုကို စူးစမ်းလိုစိတ်ဖြင့် ထွက်ကြည့်ခြင်း၊ ဓါတ်ပုံ/ဗီဒီယိုမှတ်တမ်းတင်ခြင်း မပြုလုပ်ရ။ မိမိ လုံခြုံရေးကိုသာ အထူးဂရုစိုက်သင့်သည်။ စူးစမ်းလိုစိတ်ကြောင့် အသက်န္တရာယ် ဖြစ်တတ်သည်ကို သတိပြုပါ။ မာကျောသော နံရံများ/သံမံတလင်း(မြေကြီး) ကို မှီနေခြင်း/ ကပ်နေခြင်းသည် တုန်ခါမှုကြောင့် ဒါဏ်ရာရ ထိခိုက်နိုင်သောကြောင့် နံရံများ/ မာကျောသော အရာများနှင့် ခပ်ခွာခွာနေပါ။ ပြတင်းပေါက်မှန်များသည် ပေါက်ကွဲမှုကြောင့်လွင့်စင်လာပြီး အန္တရာယ် ဖြစ်စေနိုင်သောကြောင့် ပြတင်းပေါက်များအနီးတွင် မနေရပါ။ အဆောက်အအုံများအတွင်းမဟုတ်လျှင် လူအများကြီး စုပြုံနေပါက ပစ်ခံရနိုင်ချေများသောကြောင့် တတ်နိုင်သမျှ လူစုလူဝေးနှင့် မနေသင့်ပါ။
(၁) ကြောက်လန့်တကြား၊ ဦးတည်ရာမဲ့ ထွက်မပြေးရ။
(၂) လေကြောင်းတိုက်ခိုက်မှုကို ထွက်မကြည့်ရ။ ဗီဒီယို/ဓါတ်ပုံရိုက်ခြင်းမပြုရ။
(၃) မာကျောသောနံရံများကို မှီနေခြင်း/မြေကြီးတွင်ခေါင်းကိုကပ်ထားခြင်း စသည်တို့ မပြုလုပ်ရ။
(၄) မှန်များ/ပြတင်းပေါက်များ အနီးတွင် မနေရ။
(၅) ဗုံးခိုကျင်းမဟုတ်လျှင် လူအများစုမနေရ။ (အထူးသဖြင့် အဆောက်အအုံပြင်ပတွင်)
(၁) လေကြောင်းတိုက်ခိုက်မှု လုံးဝ ငြိမ်သွားသည့် အချိန်ကျမှ မိမိတို့ ပုန်းအောင်းရာနေရာမှထွက်ပါ။
(၂) မိမိ လက်ရှိ ပုန်းအောင်နေသော နေရာသည် လုံခြုံသည့် နေရာမဟုတ်ပါက လုံခြုံသည့်နေရာသို့ သွားပါ။
(၃) မိမိတို့ ရပ်ရွာအတွင်း ကြိုတင်သတ်မှတ်ထားသော စုရပ်စုံရပ်များကို သွားပါ။
(၄) အခြားလုံခြုံသော နေရာသို့ထပ်မံရွေ့ပြောင်းရန် လို/မလို သတင်းရယူပါ။
စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ