ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာ
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)
ပြည်သူ့နွေဦးတော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှု
၁။ ပြည်သူ့နွေဦးတော်လှန်ရေးစတင်ချိန်က အနယ်နယ်အရပ်ရပ်တွင် လူငယ်များ၊ ပြည်သူ များက မိမိအသိစိတ်ဓာတ်ဖြင့် စုဖွဲ့ထူထောင် တိုက်ပွဲဝင်ခဲ့ကြသော လက်နက်ကိုင်အဖွဲ့များကို စုစည်း၍ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟူသော အမည်ဖြင့် တော်လှန်ရေးတပ်မတော် တရပ်ကို ဖွဲ့စည်းခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှုမှာ တခုတည်းသော ကွပ်ကဲမှု (Unified Command) ကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ခိုင်မာစွာ တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
၂။ ယခင် အမှတ်(၁) စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်းစစ်ဒေသဟူ၍ စစ်ဒေသ(၃)ခု ဖြင့် စုဖွဲ့ခဲ့ပြီး မဟာမိတ် ERO များ၏ စစ်ဆင်ရေးကွပ်ကဲမှုနှင့်ဆောင်ရွက်ခဲ့သည့် ကွပ်ကဲမှုပုံစံအား အမှတ် (၁) စစ်ဒေသ၏ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း အောက်ပိုင်း (၅) ခရိုင်၊ မကွေးတိုင်း နှင့် မန္တလေးတိုင်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က လွှဲပြောင်းရယူခဲ့ပြီး အုပ်ချုပ်ထောက်ပံ့မှုနှင့်အတူ စစ်ဆင်ရေးကွပ်ကဲမှုကိုပါ ကောင်းစွာလည်ပတ်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ အလားတူ တောင်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်းစစ်ဒေသများကိုလည်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသော တိုင်းစစ်ဌာနများအဖြစ် ပြင်ဆင်စုဖွဲ့ကွပ်ကဲမှုရယူခဲ့သည်။ တပြည်လုံး အတိုင်းအတာဖြင့် တိုင်းစစ်ဌာန (၁၀) ခု၊ တပ်မ (၁) ခု၊ တပ်ရင်းပေါင်း (၃၆၀) ရင်းကို တခုတည်းသော ကွပ်ကဲမှုအောက်တွင် ထားရှိဆောင်ရွက်နိုင်ခဲ့သည်။
၃။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြည်သူ့ရေးရာ ကိစ္စရပ်များကို ကာကွယ်ရေးဝန်ကြီးဌာနကလည်းကောင်း၊ စစ်ဘက်ရေးရာကိစ္စရပ်များကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ကလည်းကောင်း စီမံကွပ်ကဲခဲ့ပါသည်။ လက်ရှိတွင် တိုင်း/ ပြည်နယ် ပကဖ (၁၁) ဖွဲ့၊ ခရိုင်ပကဖ (၅၄) ဖွဲ့၊ မြို့နယ် ပကဖ (၂၁၂) ဖွဲ့နှင့် ပကဖ စုစုပေါင်း (၂၇၇) ဖွဲ့ကို ကွပ်ကဲမှု ရယူထားပြီး ဖြစ်ပါသည်။
၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ ပူးပေါင်း၍ စစ်ဆင်ရေးများကို ကွပ်ကဲမှုတခုတည်းအောက်၌ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး၏ စစ်ရေးဦးဆောင်မှုနှင့်အတူ တိုင်းစစ်ဌာန ဒုတိုင်းကွပ်ကဲရေးမှူး၊ တိုင်းပကဖတာဝန်ခံ၊ တိုင်းပကဖဒုတာဝန်ခံ (စစ်ဘက်ရေးရာ) တို့ ပါဝင်သော “တိုင်းကွပ်ကဲရေးအဖွဲ့” များကို စနစ်တကျ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။ အဆိုပါ တိုင်းကွပ်ကဲရေးအဖွဲ့များနည်းတူ ခရိုင်စစ်ဌာန ခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်သော “ခရိုင်ကွပ်ကဲရေး အဖွဲ့” များကိုလည်း အဆင့်ဆင့် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
နယ်မြေစိုးမိုးထိန်းချုပ်မှုအခြေအနေ
၅။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအကုန်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း (၃၇) မြို့နယ်ကို အပြည့်အဝသိမ်းပိုက်ထားသည်။ ထို့အပြင် မြို့နယ်ပေါင်း (၄၁) မြို့နယ်ကိုလည်း ဆက်လက် ဝိုင်းပတ် ထိန်းချုပ်ထားဆဲဖြစ်သည်။
၆။ တော်လှန်ရေးအင်အားစုများသည် ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းမြောက်ဒေသများသာမက မကွေးနှင့် တနင်္သာရီဒေသများတွင်ပါ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများကို ထိရောက်စွာ ဆင်နွှဲနိုင်ခဲ့ပါသည်။
၇။ မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နှင့် မောတောင်မြို့များကို အပြည့်အဝ သိမ်းပိုက် ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဗန်းမော်၊ ကျောက်ဖြူ၊ ဖာပွန်၊ ကသာနှင့် ဆင်ဖြူကျွန်းမြို့များတွင်လည်း ရန်သူ့တပ်များကို ပြင်းထန်စွာ ဖိအားပေးတိုက်ခိုက်လျက်ရှိပါသည်။
မဟာဗျူဟာလမ်းများနှင့် နယ်စပ်မြို့များ စိုးမိုးမှု
၈။ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းအပိုင်းနှင့် မွန်-တနင်္သာရီ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတို့ကို စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နှင့် တနင်္သာရီဒေသရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် လမ်းကြောင်းများကို တော်လှန်ရေးအဖွဲ့များက အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။
၉။ ၂၀၂၅ ခုနှစ်အတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်း တို့တွင် တော်လှန်ရေးစိုးမိုးထိန်းချုပ်သော နယ်မြေများ ပေါ်ထွန်းလာသကဲ့သို့ အဆိုပါနယ်မြေ များတွင် စစ်အုပ်ချုပ်ရေး ယန္တရားဖျက်သိမ်း၍ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်မှုလည်း ပိုမို အားကောင်းလာသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းများသည် တော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ခြေလှမ်းမှန်မှန် ဖြင့် တစိုက်မတ်မတ် ရှေ့ဆက် ချီတက်နေကြသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဖြစ်ပေါ်တိုးတက်မှု
၁၀။ ၂၀၂၅ ခုနှစ်အတွင်း PDF ရဲဘော်များသည် အချိန်တို ပြောက်ကျားစစ် အဆင့်မှသည် ရက်ရှည်တိုက်ပွဲဝင်ရသည့် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများအထိ စစ်ရေးစွမ်းရည် မြင့်တက် လာခဲ့ပါသည်။ နှစ်ချီတိုက်ပွဲဝင်ရသည့် ကချင်ဒေသ တိုက်ပွဲများနှင့် ရှမ်းမန်းစစ်ဆင်ရေး ထိုးစစ် အတွေ့အကြုံများမှာ PDF ၏ ရင့်ကျက်မှုကို ဖော်ပြနေပါသည်။ ရခိုင်ထိုးစစ်အရှိန်အဟုန်နှင့်အတူ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းများတွင် စစ်မျက်နှာအသစ်များကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ၎င်းနှင့် ဆက်စပ်နေသော ဒေသများတွင်လည်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုအားကောင်း လာကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ဧရာဝတီတိုင်းအတွင်း၌လည်း ယခုအခါ ခုခံတော်လှန်စစ် သည် အရှိန်အဟုန် မြင့်မားလာပြီ ဖြစ်ပါသည်။
၁၁။ ၂၀၂၅ ခုနှစ်၏ အောင်ပွဲများအနေဖြင့် တောင်ပိုင်း PDF ရဲဘော်များ၏ ခမရ (၅၉၈) သိမ်းပိုက်မှုနှင့် ရန်သူစိုးမိုးမှုအားကောင်းသော မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းသို့ ထိုးဖောက် ဝင်ရောက်ကာ စဥ့်ကူးမြို့နှင့် သပိတ်ကျင်းမြို့များကို ကာလတခုအထိ သိမ်းပိုက်နိုင်ခဲ့ပါသည်။ အဆိုပါမြို့များတွင် ပြင်းထန်သော ရန်သူ့တန်ပြန်ထိုးစစ်ကို မန္တလေးတိုင်းစစ်ဌာန၊ ပြင်ဦးလွင်ခရိုင် စစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များနှင့် စစ်ကိုင်းတိုင်းစစ်ဌာနမှ ရဲဘော်များ၊ အထူးလှုပ်ရှားတပ်မ (MDY-PDF) ရဲဘော်များက (၂) နှစ်ခန့် စွမ်းစွမ်းတမံ ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ကြ ပါသည်။
၁၂။ မြို့ပြပြောက်ကျားစစ်ဆင်ရေးအနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနှင့် တောင်ငူစသည့် မြို့ကြီးများရှိ ရန်သူ့တိုင်းစစ်ဌာနများ၊ လေတပ်စခန်းများနှင့် အရေးပါသော တပ်ရင်းစခန်းများကို ပြောက်ကျားစနစ်ဖြင့် ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ပါသည်။
၁၃။ စစ်ဘက်တရားစီရင်ရေးနှင့် စစ်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တပ်ထိန်းတပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် စစ်ဥပဒေအရာရှိသင်တန်းများ ဖွင့်လှစ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ စစ်စည်းကမ်းထိန်းသိမ်းရေး အပိုင်းတွင် စစ်ရေးပြစ်မှုပေါင်း (၂၅၅) မှုအား ကိုင်တွယ်ဖြေရှင်းခဲ့ရပါသည်။ ၎င်းအမှုများအနက် (၁၀၉) မှုအား ပြီးပြတ်အောင် စီရင်ချက်ချ ဆောင်ရွက်နိုင်ခဲ့ပြီး (၈၃) ဦးအား စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူ ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် စစ်ခုံရုံးဖြင့် တရားစီရင်ခဲ့သည့်အမှု (၉) မှုနှင့် အကျဉ်းစစ်တရားရုံးဖြင့် တရားစီရင်ခဲ့သည့်အမှု (၂) မှု ရှိခဲ့ပါသည်။
၁၄။ တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် ရဲဘော်များအတွက် ဦးညွှတ်ဂုဏ်ပြုလွှာနှင့် ဦးညွှတ်ဂုဏ်ပြုငွေများ ပေးအပ်လျက် ရှိပါသည်။ ကျန်ရစ်သူ မိသားစုဝင်များအား လတ်တလော ကူညီထောက်ပံ့ပေးနိုင်ရန်အတွက်လည်း လိုအပ်သော အစီအမံများကို စီစဉ်ရေးဆွဲလျက် ရှိပါသည်။ မသန်စွမ်းဖြစ်ခဲ့သည့် ရဲဘော်များအတွက် ဦးညွှတ်ဂုဏ်ပြုလွှာ၊ ဂုဏ်ပြုငွေများအပြင် လစဉ် ငွေကြေးထောက်ပံ့မှုကိုပါ ပေးအပ်လျက် ရှိပါသည်။ ၎င်းရဲဘော်များအနေဖြင့် စစ်ဘက်နှင့် အရပ်ဘက်ကဏ္ဍများတွင် မိမိတို့ စိတ်ပါဝင်စားမှုအလိုက် ပြန်လည် တာဝန်ထမ်းဆောင်နိုင်ရန်၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် တော်လှန်ရေး အောင်မြင် ပြီးဆုံးချိန်တွင် အဆိုပါ ရဲဘော်များနှင့် မိသားစုဝင်များ ရရှိခံစားရမည့် အထူး အခွင့်အရေးများနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ခြင်းနှင့် ဥပဒေကြမ်းများ ရေးဆွဲခြင်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရက ဦးစားပေး တာဝန်တရပ်အဖြစ် ဆောင်ရွက်လျက် ရှိပါသည်။
၁၅။ တော်လှန်ရေး အစဦးကာလများတွင် တူမီးနှင့် လက်လုပ်လက်နက်များဖြင့် စတင်ခဲ့ ရသော်လည်း ထုတ်လုပ်ရေးရဲဘော်များ၊ ပညာရှင်များနှင့် တပ်မှူးများ၏ စွန့်လွှတ်အနစ်နာခံ အားထုတ်မှုများကြောင့် ယခုအခါ ချေမှုန်းရေး၊ စခန်းသိမ်းနှင့် မြို့သိမ်းတိုက်ပွဲများတွင် ရဲဘော်များအနေဖြင့် ပိုမိုယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် လက်နက်မျိုးစုံကို ထုတ်လုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ သမားရိုးကျ လက်နက်ခဲယမ်း လိုအပ်ချက်များ ရှိနေလင့်ကစား ဒေသတွင်း ရရှိနိုင်သည့် ပစ္စည်းများဖြင့် လက်နက်ခဲယမ်းများကို ကိုယ်တိုင် ထုတ်လုပ်ခြင်း၊ တီထွင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ကာ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။
၁၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စံပြုတည်မြဲအမိန့်အား (၅-၅-၂၀၂၅) ရက်နေ့တွင် အတည်ပြု ထုတ်ပြန်နိုင်ခဲ့ခြင်းမှာ အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှု တခု ဖြစ်ပါသည်။ လက်ရှိတွင် တပ်ရင်းတပ်ဖွဲ့များအား အဆိုပါ စံပြုတည်မြဲအမိန့်နှင့်အညီ ပြင်ဆင်စုဖွဲ့နိုင်ရေးအတွက် ဆက်တိုက် ဆောင်ရွက်လျက် ရှိပါသည်။
ရန်သူ့အင်အားပြုန်းတီးမှုနှင့် စခန်းဆုံးရှုံးမှု
၁၇။ ၂၀၂၅ ခုနှစ် တနှစ်တာအတွင်း တော်လှန်ရေးအဖွဲ့အသီးသီးနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း (၇,၁၃၉) ကြိမ် ဖြစ်ပွားခဲ့ပါသည် ။ ရန်သူ့ပြုန်းတီးအင်အား စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
(က) ရန်သူသေဆုံး – ၅,၆၉၉ ဦး
( ခ) ထိခိုက်ဒဏ်ရာရ – ၂,၇၂၆ ဦး
( ဂ) သုံ့ပန်း – ၁,၁၂၄ ဦး
(ဃ) စုစုပေါင်း ပြုန်းတီးအင်အား – ၉,၅၄၉ ဦးခန့် ဖြစ်ပါသည်။
၁၈။ အညာနှင့် စစ်တောင်းမြစ်ဝှမ်းဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့များမှ ဆင်နွှဲခဲ့သော တိုက်ပွဲပေါင်း (၂,၉၈၄) ကြိမ် ရှိခဲ့ပါသည်။ ၎င်းတိုက်ပွဲများ အနက် ရင်ဆိုင်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲနှင့် ရန်သူ့စစ်ကြောင်းများအား ကြားဖြတ်တိုက်ခိုက်ခြင်း အပါအဝင် တိုက်ပွဲကြီးပေါင်း (၁,၃၈၆) ကြိမ် ရှိခဲ့ပါသည်။ ထို့အပြင် ပြောက်ကျားပစ်ခတ်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်း အပါအဝင် တိုက်ပွဲငယ်ပေါင်း (၈၀၇) ကြိမ်ထက်မနည်း တိုက်ခိုက်နိုင်ခဲ့ပါသည်။ အကြမ်းဖက်စစ်တပ်စခန်းများနှင့် စစ်ကြောင်းများအား ဒရုန်းသီးသန့် အသုံးပြု၍ တိုက်ခိုက်မှုပေါင်း (၇၀၁) ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့ပါသည်။
ဘဏ္ဍာငွေရှာဖွေရေးနှင့် ထောက်ပံ့မှု
၁၉။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် တပ်ရင်းများအား လုံလောက်စွာ ထောက်ပံ့နိုင်ရေး ကို ဦးတည်လျက် အခွန်ဘဏ္ဍာ၊ PRF အစီအစဉ်နှင့် တစ်ဦးချင်း လှူဒါန်းမှု စသည့် နည်းလမ်း ပေါင်းစုံဖြင့် တစိုက်မတ်မတ် ကြိုးပမ်းလျက်ရှိပါသည်။ တပ်ရင်းထောက်ပံ့မှု အခြေအနေများနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ်အတွင်း၌ သိန်းပေါင်း (၂) သိန်းခွဲ၊ ၂၀၂၄ ခုနှစ်အတွင်း၌ သိန်းပေါင်း (၃) သိန်း (၂) သောင်း (၉)ထောင် ထောက်ပံ့နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်းတွင်မူ သိန်းပေါင်း (၃) သိန်း (၃) သောင်း (၆) ထောင်ကျော်အထိ တိုးမြှင့် ထောက်ပံ့နိုင်ခဲ့ပါသည်။
၂၀။ ၂၀၂၅ ခုနှစ် ဇွန်လမှ စတင်ကာ တပ်ရင်းထောက်ပံ့မှုများကို လစဉ် ပုံမှန်ဆောင်ရွက်ပေးလျက် ရှိပြီး တပ်ရင်းတပ်ဖွဲ့များ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် အစီအမံ သစ်များကိုလည်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်
၂၁။ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း ဗိုလ်မှူး (၂) ဦး အပါအဝင် စုစုပေါင်း စစ်သည် (၅၃၆) ဦးသည် စစ်အာဏာရှင်ဘက်မှ စွန့်ခွာ၍ ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြ ပါသည်။
တော်လှန်ရေးလိုအပ်ချက်နှင့် စိန်ခေါ်မှုများ
၂၂။ ၂၀၂၅ ခုနှစ်အတွင်း ခဲယမ်းမီးကျောက် ရှာဖွေရရှိမှု လျော့ကျခြင်းနှင့် စစ်ရေးပြင်းထန်သည့် ဒေသများတွင် ရဲဘော်များ အနားမရခြင်း စသည့် ကြီးမားသော စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရပါသည်။
၂၃။ ခဲယမ်းအကန့်အသတ်များကြောင့် အချို့စစ်ဆင်ရေးစီမံချက်များကို အစီအစဉ်အတိုင်း အကောင် အထည်မဖော်နိုင်ခြင်းနှင့် အချို့မြို့များတွင် ခွာစစ်ဆင်ခဲ့ရခြင်းများ ရှိခဲ့ပါသည်။
၂၄။ တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ အဆိုပါနယ်မြေများကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် မိမိတပ်ကို ပို၍ ဆန့်ထုတ်တပ်ဖြန့်ထားရခြင်းသည်လည်း တော်လှန်ရေးအဖွဲ့များ လက်တလော ကြုံတွေ့ရသည့် စိန်ခေါ်မှုတခုဖြစ်သည်။
ရှေ့လုပ်ငန်းစဉ်နှင့် ရှေ့အလားအလာ
၂၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများ အစည်းအဝေးကို (၂၃-၈-၂၀၂၅) ရက်နေ့မှ (၂၅-၈-၂၀၂၅) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးမှ ထွက်ပေါ်လာသော မဟာဗျူဟာမြောက် ရည်မှန်းချက်များနှင့် လမ်းစဉ်များကို ကာကွယ်ရေးဝန်ကြီး ဌာနသို့ တင်ပြခဲ့ပြီး ဝန်ကြီးဌာနမှ အမျိုးသားကာကွယ်ရေးမဟာဗျူဟာ (National Defence Strategy – NDS) ကို အတည်ပြု ချမှတ်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ်အတွင်း၌လည်း တပ်မှူးကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပ၍ စစ်အနိုင်တိုက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂၆။ နိုင်ငံရေးနှင့် စစ်ရေးအခင်းအကျင်း ပြောင်းလဲမှုများအကြား ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ပိုမိုခိုင်မာ အားကောင်းလာစေရန် တပ်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ဘဏ္ဍာရန်ပုံငွေ နှင့် စစ်လက်နက်ပစ္စည်း အရင်းအမြစ် စုဆောင်းရေး လုပ်ငန်းများကိုလည်း ယခင်နှစ်ထက် ပိုမိုအားစိုက် ထမ်းဆောင်သွားမည် ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ်တွင် မိမိတို့ အခြေအနေနှင့် ရန်သူ့အခြေအနေကို သေချာစွာ ချိန်ဆလျက် မဟာဗျူဟာနှင့်အညီ မျှော်မှန်းထားသော တော်လှန်ရေးအရွေ့ကို အစီအစဉ်တကျ ဖန်တီးဖော်ဆောင် သွားရန် ရည်မှန်းထားပါသည်။
၂၇။ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) ရဲဘော်များ အပါအဝင် တော်လှန်ရေးဘက်မှ ကြံ့ကြံ့ခံရပ်တည်လျက် အဆက်မပြတ် ထောက်ခံပါဝင်မှုပြုကြသော ပြည်သူတဦးချင်းစီတိုင်းနှင့် အကြမ်းဖက်စစ်တပ်၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင် ပယ်ချခဲ့ကြသူများ အားလုံးကိုလည်း လေးစားဂုဏ်ပြုပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင် ဖော်ပြလိုပါသည်။
၂၈။ စစ်ကာလ နိုင်ငံရေးသည် စစ်အောင်နိုင်ရေးပင် ဖြစ်သည်ဟု ယုံကြည်သည်နှင့်အညီ နိုင်ငံရေးနှင့် စစ်ဗျူဟာများ မှန်ကန်စေရန် ကြိုးပမ်းလျက် မဟာမိတ်များနှင့်အတူ မဟာဗျူဟာ မြောက် စုစည်းညီညွတ်မှုကို တည်ဆောက်သွားမည် ဖြစ်ပါသည်။ မဟာဗျူဟာ ထိုးစစ်အဆင့် တက်လှမ်းနိုင်ရေးအတွက် ဆက်လက်အားစိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသအလိုက် လွတ်မြောက်မှုမှသည် တပြည်လုံး လွတ်မြောက်သည်အထိ မဆုတ်မနစ် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ