ပျူစောထီးများနှင့် ပတ်သက်သော ကြေညာချက် (၂/၂၀၂၂)

ပျူစောထီးများနှင့် ပတ်သက်သော ကြေညာချက် (၂/၂၀၂၂)
(၁၃၈၄ ခုနှစ်၊ တန်းခူးလဆုတ် ၁၂ ရက်)
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်
၁။ အကြမ်းဖက်ဝါဒီ စစ်ကောင်စီသည် တစ်နေ့တခြား ပြုန်းတီးလျက်ရှိသော ၎င်း၏အင်အားကို ဖြည့်တင်းရန် အလို့ငှာ ပျူစောထီး အပါအဝင် ဒေါက်တိုင်အကြမ်းဖက်အဖွဲ့များအား ဖွဲ့စည်း လေ့ကျင့် လက်နက်တပ်ဆင်ပေးလျက် အရပ်သားပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ပြည်သူအချင်းချင်း ရန်ပြုတိုက်ခိုက်စေခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မ‌တော်(PDF)နှင့် ပြည်သူ့တော်လှန်ရေးအင်အားစုများကို စစ်ပြိုင် တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
၂။ ၎င်းပျူစောထီးနှင့် စစ်ကောင်စီဒေါက်တိုင် အကြမ်းဖက်အဖွဲ့အစည်းဝင်များသည် စစ်အာဏာ သိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို ကိုယ်တိုင်လိုလားထောက်ခံသောကြောင့် လည်းကောင်း၊ စစ်အုပ်စု၏ အတင်းအကြပ် ဖိအားပေးခံရခြင်း၊ အကျပ်ကိုင်ခံရခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက် ခံရခြင်းများကြောင့်လည်းကောင်း၊ စီးပွားရေးနှင့်အခွင့်အရေး တစ်စုံတစ်ရာ ရလိုခြင်းကြောင့် လည်းကောင်း၊ ပျူစောထီး (သို့မဟုတ်) အလားတူ ဒေါက်တိုင် အကြမ်းဖက်အဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်။
၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဒီမိုကရေစီကို သက်ဝင် ယုံကြည်သူမှန်လျင် နိုင်ငံရေးအမြင်မတူကွဲပြားသူများ၊ ဘဝပေးအခြေအနေကြောင့် CDM ပြုလုပ်ခွင့် မရသူများအား စစ်ရေးဆိုင်ရာပစ်မှတ် သို့မဟုတ် အကြမ်းဖက် အဖွဲ့အစည်းဝင်များအဖြစ် သတ်မှတ် အရေးယူ ဆောင်ရွက်သွားမည် မဟုတ်ပါ။ သို့သော် စစ်ကောင်စီနှင့် ပူးပေါင်းလျက် အကြမ်းဖက်မှုကို ကိုယ်တိုင်ကျူးလွန်ခြင်း၊ အားပေးပါဝင်ကူညီခြင်းများ ပြုလုပ်ဆောင်ရွက်ပါက ကင်းလွတ်ခွင့် ပြုသွားမည်မဟုတ်ဘဲ တရားဥပဒေအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
၄။ ပျူစောထီးနှင့် ဒေါက်တိုင်လက်နက်ကိုင်များ ကျူးလွန်လျက်ရှိသည့် ကျေးရွာများ၊ နေအိမ် များအားမီးရှို့မှု ၊ အကြမ်းဖက်သတ်ဖြတ်မှု ၊ အသက်မပြည့်သေးသည့် ကလေးစစ်သားများ အသုံးပြုမှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု စသည့် စစ်ရာဇဝတ်မှုများကို ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းတင် စောင့်ကြည့်လျက်ရှိပြီး၊ စစ်ကောင်စီ၏ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ယူဆောင်နိုင်ရေး ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်သည်။
၅။ သို့ဖြစ်၍ ပျူစောထီးနှင့်ဒေါက်တိုင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ အနေဖြင့် အမြင်မှန် ရလျက် အကြမ်းဖက်ဝါဒီ စစ်ကောင်စီကို အမြန်ဆုံး စွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် ပြည်သူ့တော်လှန်ရေး အင်အားစုများထံ လက်နက်များအပ်နှံ၍ အချိန်မီပူးပေါင်းကြရန်နှင့် ပူးပေါင်းလာသူများအား လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ