ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၂
၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်)
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာ ကို ထုတ်ပြန်လိုက်သည်။
၁။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တို့သည် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေရန် စီးပွားရေးလုပ်ငန်းပေါင်းစုံအား လက်ဝါးကြီးအုပ်ချယ်လှယ်၍ နှစ်စဉ် ဘဏ္ဍာရန်ပုံငွေများစွာ ရှာဖွေထောက်ပံ့လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်။
၂။ အဆိုပါ ဘဏ္ဍာရန်ပုံငွေများသည် အကြမ်းဖက်စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အရာရှိကြီးများ အတွက်သာ အကျိုးစီးပွါးဖြစ်ထွန်းလျက်ရှိပြီး အောက်ခြေအကြပ်၊စစ်သည်များမှာ ခံစားခွင့်မရှိသလောက် နည်းပါးလျက် ရှိကြောင်းကို အမြတ်ခွဲဝေမှုဆိုင်ရာ အထောက်အထား၊ စာရွက်စာတမ်းများအရ သိရှိရသည်။
၃။ ထို့အပြင် ၎င်းအကျိုးအမြတ်များအား အသုံးပြု၍ အကြမ်းဖက်စစ်အုပ်စုသည် နေ့စဉ်နှင့်အမျှ နိုင်ငံတဝှမ်းရှိ အပြစ်မဲ့ ပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။
၄။ သို့ဖြစ်ပါ၍ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အား အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာလိုက်သည်။
၅။ ယင်းအကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) အရ အကြမ်းဖက်အုပ်စုပိုင် ပစ္စည်းများအဖြစ် သတ်မှတ်၍ အများပြည်သူအကျိုးစီးပွားအလို့ငှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဌ) နှင့်အညီ ထိန်းချုပ်စီမံခန့်ခွဲသွားမည် ဖြစ်သည်။
ဥက္ကဌ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့
အကြမ်းဖက်မှုတိုက်ဖက်ရေးဥပဒေပါ ရည်ညွှန်းကိုးကားချက်များ
ပုဒ်မ ၃(ဃ)
အကြမ်းဖက်အုပ်စုပိုင်ပစ္စည်းများ ဆိုသည်မှာ အကြမ်းဖက်မှုကျူးလွန်ရာမှ ရရှိသည့် အကျိုးအမြတ်များ၊ အကြမ်းဖက်မှု တစ်ရပ်ကို ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သို့မဟုတ် အကျိုးပြုနေသည့် သို့မဟုတ် အသုံးပြုလိမ့်မည်ဟု ယူဆရသည့် ငွေကြေးနှင့်ပစ္စည်းများ၊ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုတစ်ခုက အသုံးပြုခဲ့သည့် သို့မဟုတ် အသုံးပြုနေသည့် သို့မဟုတ် အသုံးပြုလိမ့်မည်ဟု ယူဆရသည့် ငွေကြေးနှင့်ပစ္စည်းများ၊ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုတစ်ခု သို့မဟုတ် အဆိုပါအုပ်စု၏ ကိုယ်စား အခြားသူတစ်ဦးဦးက ပိုင်ဆိုင်ထားသည့် သို့မဟုတ် ထိန်းချုပ်ထားသည့် ငွေကြေးနှင့် ပစ္စည်းများ၊ အကြမ်းဖက်အုပ်စုတစ်ခုအား ထောက်ပံ့ရန် သို့မဟုတ် အကြမ်းဖက်မှုတစ်ခုအား ရန်ပုံငွေထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့် စုဆောင်းခဲ့သည့် ငွေကြေးနှင့် ပစ္စည်းများနှင့် အဆိုပါငွေကြေးနှင့် ပစ္စည်းများမှ ဆင့်ပွားဆင်းသက်လာသည့် ငွေကြေးနှင့် အကျိုးအမြတ်များကို ဆိုသည်။
ပုဒ်မ ၆(ဂ)
၆ ဗဟိုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် –
…
(ဂ) လုပ်ငန်းကော်မတီများ၊ အဖွဲ့များ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများကို ပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနှိုင်းပေးခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊
ပုဒ်မ ၆(ဌ)
… ပုဒ်မခွဲ (င)အရ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်သမားအုပ်စုအဖြစ် ကြေညာ သည့်အခါ ယင်းအကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုပိုင် ပစ္စည်းများနှင့် ရန်ပုံငွေ များ ကို ထိန်းချုပ်ရန် အမိန့်ထုတ်ပြန်ခြင်း၊
ပုဒ်မ ၇၂(ခ)
ဗဟိုအဖွဲ့နှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများသည် လိုအပ်သော အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
Republic of the Union of Myanmar
National Unity Government
Central Committee for Counter-Terrorism
Notification No 1/2022
14th waxing day of Nadaw, 1384 ME
(6th December 2022)
Proscription of Terrorist Groups
With the consent of the Union Government, and under the powers vested by section 6(c) and section 72(b) of the Counter-terrorism Law (Pyidaungsu Hluttaw Law 23/2014), the Central Committee for Counter-Terrorism hereby issues this notification:
1. It has been ascertained that Myanma Economic Holdings Limited and Myanmar Economic Corporation have been engaging in monopolistic business practices to generate substantial annual revenue for the terrorist group headed by Min Aung Hlaing so as to perpetuate their reign of terror.
2. It has also been further ascertained from financial statements of these entities that revenues are being disbursed primarily for the benefit of the top leadership of the terrorist military organisation while denying ordinary rank and file soldiers their fair share of the benefits.
3. Further, those revenues have enabled the terrorist military organisation to prosecute their war of terror against the people, mounting attacks and committing murder daily against innocent, defenceless civilians all over the country.
4. Myanma Economic Holdings Limited and Myanmar Economic Corporation are thus designated and proscribed as terrorist groups.
5. All assets belonging to those entities are hereby designated as ‘assets of terrorist groups’ under Section 3(d) and shall be seized and administered for public interest under Section 6(l) of the Counter-Terrorism Law.
Chairman
Central Committee for Counter-Terrorism
References (Anti-Terrorism Law)
Section 3(d)
Assets of terrorist groups means the profits gained from committing terrorism, money and things which were used or are being used or are assumed to be used for committing an act of terrorism, money and things which were used or are being used or are assumed to be used by a terrorist or a terrorist group, money and things owned or controlled by a terrorist or a terrorist group or any other person on behalf of the group, money and things saved with the purpose of supporting a terrorist group or funding an act of terrorism, and the money and profits derived from such money and things.
Section 6(c)
6. The duties and rights of the Central Committee are as follows:
…
(c) To coordinate, instruct and supervise Working Committees, organisations, respective union ministries, government department and government organisations for cooperation,
Section 6(l)
… To issue order to control the assets and funds owned by the terrorist or terrorist group when they are declared as a terrorist group according to subsection (e),
Section 72(b)
72. In implementing the enactments in this law:
…
(b) The Central Committee and corresponding Union Ministries may issue necessary notifications, orders, instructions and procedures.