(၇၆) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်
(၇၆) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌ ဗြိတိသျှကိုလိုနီနယ်ချဲ့အောက်မှ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အတူတကွ ထူထောင်ပြီး ဤနိုင်ငံအတွင်း အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားကြရန် ရည်သန်လျက် လွတ်လပ်ရေး၏ အုတ်မြစ်ဖြစ်သည့် သမိုင်းဝင် ပင်လုံပဋိဉာဉ်စာချုပ်ကို ရှမ်းပြည်နယ်၊ ပင်လုံခေါ် ပန်လုံမြို့ကလေး၌ ကချင်၊ ချင်း၊ ဗမာ၊ ရှမ်း အမျိုးသားခေါင်းဆောင်ကြီးများ သဘောညီမျှစွာ လက်မှတ်ရေးထိုးခဲ့ကြသည်။
သို့ရာတွင် လွတ်လပ်ရေးရရှိပြီးသည့်နောက်ပိုင်း ပင်လုံကတိကဝတ်များကို အကောင်အထည် မဖော်နိုင်ခဲ့သောကြောင့် ဖက်ဒရယ်အိပ်မက်နှင့် ဝေးကွာခဲ့ရပြီး ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများအားလုံး နှစ်ပေါင်းများစွာ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ကြရသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
ယနေ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆) နှစ် ပြည့်မြောက်သည့်အချိန်တွင် နှစ်ကာလကြာရှည်စွာ မြင်မက်ခဲ့ရသည့် ဖက်ဒရယ်အိပ်မက် (သို့မဟုတ်) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အကောင်အထည်ဖော်ရန် အကောင်းဆုံး အခွင့်အရေးကို အမိအရကိုင်ဆုပ်လျက် ပင်လုံစိတ်ဓာတ်၊ ပင်လုံစည်းနှောင်မှုအားဖြင့် “တသံတည်းညီ၊ တချီတည်းရုန်း” ပန်းတိုင်အရောက် ရဲရဲချီတက် လျှောက်လှမ်းကြပါစို့။
“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ရဲရဲတိုက်ပွဲဝင်ကြ”
“ပင်လုံကတိကဝတ်အရင်းတည် ဖက်ဒရယ်ပြည်ထောင်စုသို့ ရဲရဲချီ”
“ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည်”
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ