ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဝမ်းနည်းခြင်းအထိမ်းအမှတ် PDF အလံ တိုင်ဝက်လွှင့်ထူရန် ညွှန်ကြား

သတင်းထုတ်ပြန်ချက်
ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဝမ်းနည်းခြင်းအထိမ်းအမှတ် PDF အလံ တိုင်ဝက်လွှင့်ထူရန် ညွှန်ကြား
၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့
၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် အရပ်သားများ ရပ်ရွာအရေး စုစည်းတိုင်ပင်နေသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းမှ တိုက်ခိုက်ခံရသည့် ဖြစ်စဥ်အတွင်း ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် အရပ်သားများ သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသွားသော အပြစ်မဲ့ အရပ်သားပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များအားလုံး PDF အလံတော်ကို တိုင်ဝက် လွှင့်ထူခြင်းဖြင့် ဝမ်းနည်းကြောင်းပြသရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည်။
ညွှန်ကြားစာတွင် “ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်ခံရမှုမျိုးကို ရှောင်ရှားနိုင်ရန် သက်ဆိုင်ရာ ကွပ်ကဲမှုအဆင့်ဆင့်မှ ချမှတ်သော စည်းကမ်းချက်များကို ကိုယ်တိုင် တိတိကျကျ လေးစားလိုက်နာကြရန် လိုအပ်သကဲ့သို့ အရပ်သား ပြည်သူများ ထိခိုက်မှုမရှိ​စေ​ရေး အသိ​ပညာပေးမှုများ၊ လိုအပ်​သော ကြိုတင်ကာကွယ်မှု အစီအမံများ ​ဆောင်ရွက်ထားရှိကြရမည်” ဟု ပါရှိသည်။
စစ်အုပ်စု၏ လူမဆန်မှု​ကြောင့် ထိခိုက်ကျဆုံးခဲ့ရ​သော ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် PDF၊ ပကဖ တပ်ရင်းတပ်ဖွဲ့နှင့် စစ်ကြောင်းများအားလုံး ယ​နေ့ ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အထိ ​ပြည်သူ့တော်လှန်ရေးအလံတော်ကို တိုင်ဝက်ချ အလေးပြုကြရန် ညွှန်ကြားထားခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ