“ငါ့တရားဟာ ဓားနဲ့လှံနဲ့”
■ မောင်မိုးအေး
ကြေးသိပ်ကြီးတဲ့ နွေဦးရယ်
ငါတို့မှာ
သင်ခန်းစာ ဒုက္ခညွှန်းတမ်းကို
နောကျေအောင် ဖြတ်ခဲ့ရ
တိုက်တသောင်းကြားအောင်
ငြီးတွားလည်း
ဘယ်ဘုရားမှ
လာမကယ်ကြောင်းဟာ
ကိုယ်တွေ့မှ ကိုယ်တွေ့ပါပဲ
ဒုက္ခဟာ သစ္စာမှ သစ္စာ
ပန်းတွေလည်း အဆုပ်လိုက်
ကြယ်တွေလည်း တအုပ်လိုက်
မြေခကြွေကျရတဲ့ နွေဦးကြေးကို
ဘုရားတလို့ မရ
တရားရှာ ကိုယ်မှာတွေ့တဲ့ နွေဦးအတွက်
ဒုက္ခကို လောင်းကြေးထပ်ခဲ့ပါပြီ
ဘယ်ဘုရားမှ မ “မ”လည်းနေ
ဘယ်သိကြားမှလည်း မ “တ”တော့
ပန်းဝင်လုလု မာန်နဲ့
အံတုပြီး ချီခဲ့တယ်
တရားစစ်စစ် ခွါသံဝင့်ခဲ့ပြီ
ငါ့တရားဟာ ဓားနဲ့ လှံနဲ့။
2:01 am
27th May 2023