ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) တို့ ထုတ်လုပ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်လျက်ရှိ

သတင်းထုတ်ပြန်ချက်
ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) တို့ ထုတ်လုပ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်လျက်ရှိ
ဇန်နဝါရီလ (၁၂) ရက်နေ့၊ ၂၀၂၃ ခုနှစ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများနှင့် နွေဦးတော်လှန်ရေး အောင်မြင်ရန် စဥ်ဆက်မပြတ် လက်တွဲလုပ်ဆောင်နေလျက်ရှိနေသည်။
ပြည်သူ့ဘက်ရပ်တည်လာသော ပြည်သူ့စစ်သား၊ရဲသားများထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့တွင် တိုက်ခိုက်ရေး၊ လေ့ကျင့်ရေး၊ စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရေးနှင့် ပြည်သူ့ရင်ခွင်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေကြပြီးဖြစ်သည်။
ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) သည်လည်း စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနှင့်ပြင်ဆင်ထောက်ပံ့ရေးလုပ်ငန်းများတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့်ပူးပေါင်းလုပ်ကိုင်နေသည့် ပြည်သူ့ဘက်ရပ်တည်လာသော စစ်သားများဦးစီးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘက်ရပ်တည်လာမည့်လူများကို ဆက်လက်ကြိုဆိုနေမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြည်သူနှင့်မပူးပေါင်းနိုင်သေးသူများကိုလည်း အမာခံသတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်သဖြင့် ပြည်သူ့ဘက်အမြန်ဆုံးရပ်တည်ရန်(သို့) အမာခံသတင်းပေးများအဖြစ် ရပ်တည်ရန် တိုက်တွန်းအပ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ