✈️ 🟥 လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်း
🟥 ဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ
(၁) စစ်ပွဲများတွင် သမားရိုးကျ လက်နက်များဖြင့်သာမကဘဲ အဆိပ်သင့် စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ် ခြင်းကြောင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအပြင် အရပ်သားများပါ သေကျေ ဒဏ်ရာရလေ့ရှိသည်။
(၂) ဓာတုလက်နက်များမှ အဆိပ်များသည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် ဓာတ်ငွေ့၊ အရည်နှင့် အမှုန့် စသည်ဖြင့် ပုံစံမျိုးစုံနှင့် တည်ရှိနိုင်ပါသည်။
(၃) ၎င်းတို့၏ ဘေးအန္တရာယ်ကို သာမန်အဝတ်အစားများ လုံခြုံစွာ ဝတ်ဆင်ခြင်းဖြင့် မကာကွယ်နိုင်ပါ။
(၄) ထို့ပြင် ဓာတုလက်နက် ကျရောက်ထားသည့် နေရာအနီးတဝိုက်သို့ အကာအကွယ်ဝတ်စုံ မပါဘဲ သွားရောက်ခြင်း၊ လက်ဗလာဖြင့် ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ လူနာများကိုကြည့်ရှုခြင်း မပြုလုပ်ရပါ။
(၅) အဆိုပါ အဆိပ်ဓာတ်များကို ထိတွေ့၊ ရှူရှိုက်၊ မျိုချမိပါက အရေပြား၊ မျက်လုံး၊ အသက်ရှူ လမ်းကြောင်း နှင့် ပါးစပ်တို့မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းဝင်ရောက်ပြီး အဆိပ်သင့်စေကာ ကျန်းမာရေးကို ထိခိုက်စေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်ပါသည်။
(၆) ဓာတုပစ္စည်း တစ်မျိုးချင်းစီအလိုက် အဆိပ်သင့်မှု ပုံစံမျိုးစုံရှိပြီး ၎င်းလက္ခဏာများကို သိရှိထားရန် လိုအပ်ပါသည်။
(၇) ဓာတုအဆိပ်သင့်မှုကြောင့် အရေပြား၊ အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ နှလုံး၊ ဦးနှောက်နှင့် အာရုံကြော၊ အစာအိမ်အူလမ်းကြောင်းနှင့် ကြွက်သား အဖွဲ့အစည်းတို့ကို ထိခိုက်ပျက်စီးစေတတ် ပါသည်။
(၈) ထို့ကြောင့် ထိခိုက်ဒဏ်ရာမရှိသော်လည်း အဆိပ်သင့်လက္ခဏာရှိသူများ၊ ရရှိထားသော ဒဏ်ရာနှင့် မသက်ဆိုင်သော ဝေဒနာခံစားနေရသူများ၊ ခန္ဓာကိုယ်ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘဲ လူအများအပြား ရုတ်ချည်း သေဆုံးမှုများ၊ ပုံမှန်မဟုတ်သော အနံ့၊ အရည်နှင့် အ‌ငွေ့တို့ကို တွေ့ရှိရပြီး အဆိပ်သင့်လက္ခဏာများ ပြသလာလျှင် ဓာတုအဆိပ်သင့်မှုဟု ယူဆနိုင်သည်။
စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ပါသည်။
 
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ