လက်နက်ကိုင်တိုက်ပွဲများအတွင်း ကလေးသူငယ်များအား အကာအကွယ်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက်

လက်နက်ကိုင်တိုက်ပွဲများအတွင်း ကလေးသူငယ်များအား
အကာအကွယ်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက်
လမ်းညွှန်ချက် (၃/၂၀၂၂)
၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်
( ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက် )
၁။ အကြမ်းဖက်စစ်ကောင်စီအား ပြည်သူ့တော်လှန်စစ်များ ဆင်နွဲရာတွင် အနာဂတ် သားကောင်းများ ဖြစ်သော အသက်(၁၈)နှစ်အောက် ကလေးသူငယ်များအပေါ် သက်ရောက်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ လျှော့ချနိုင်ရန်နှင့် အကာအကွယ်များပေးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် အထူးအလေးထား သတိပြုရန် လိုအပ်ပေသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ခုခံစစ် လက်နက်ကိုင်တိုက်ပွဲများ တွင် အသက်(၁၈)အောက် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် အောက်ပါ ကျင့်ဝတ်များ၊ စည်းမျဉ်းများ ထုတ်ပြန်ထားပြီးဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လိုက်နာရန်
(က) စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ အရပ်သားပြည်သူများနှင့် ဆက်ဆံရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ၊ အပိုဒ် (၆)တွင် – ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အို များ စသည့် ထိရှလွယ်အုပ်စုများ (Vulnerable Groups)အား အထူး ကာကွယ်စောင့်ရှောက်ပြီး လိုအပ်သည့်အကူအညီများပေးရမည်။ – ဟူ၍လည်းကောင်း၊
( ခ) အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် လိုက်နာရမည့်ကျင့်ဝတ်များ၊ အပိုဒ်(၂)တွင်- အရွယ်မရောက်သေးသော ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်း မပြုရ။ – ဟူ၍လည်းကောင်း၊
( ဂ) စစ်ရေးဆိုင်ရာ ပစ်မှတ်သတ်မှတ်ချက်၊ အပိုဒ်(၃)တွင် – စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦ၊ ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ်နေရာများ နှင့် အရပ်သားပြည်သူများ စုဝေးသွားလာလှုပ်ရှားသော နေရာများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရ။
– ဟူ၍လည်းကောင်း ထုတ်ပြန် ထားပြီးဖြစ်သည်။
-၂-
၃။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများတွင် ဖြစ်လေ့ရှိသော အသက် (၁၈)နှစ်အောက် ကလေးသူငယ်များအပေါ်ချိုးဖောက်သည့် ဆိုးရွားသောအကြမ်းဖက်ခြင်း (၆)ချက် (Six Grave Violations) ကို မကျူးလွန်စေရန် အလေးထား၍ အထူးသတိပြုရန် လိုအပ်ပေသည်။ ကလေးသူငယ်များအပေါ် ဆိုးရွားသော အကြမ်းဖက်ခြင်း (၆)ချက်မှာ –
(၁) ကလေးသူငယ်များအား သတ်ဖြတ်ခြင်းနှင့် ခြေလက်ကိုယ်အင်္ဂါချို့တဲ့စေခြင်း၊
(၂) ကလေးသူငယ်များကို လက်နက်ကိုင်ပဋိပက္ခများတွင် တပ်သားအဖြစ်စုဆောင်းခြင်းနှင့် တိုက်ပွဲများ၊ တပ်စခန်းများတွင် အမျိုးမျိုးအသုံးချခြင်း၊
(၃) ကလေးသူငယ်များအား အဓမ္မပြုကျင့်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခြင်းများ။
(၄) ကလေးသူငယ်များအား အဓမ္မဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊
(၅) ကျောင်းများ၊ ဆေးရုံများကို တိုက်ခိုက်ခြင်း၊
(၆) ကလေးသူငယ်များပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များအား ငြင်းဆိုခြင်းနှင့် ပျက်ကွက်ခြင်း တို့ဖြစ်သည်။
၄။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများတွင် ဖြစ်ပွားလေ့ရှိသော (၁၈)နှစ်အောက် ကလေးသူငယ်များအပေါ် ကျုးလွန်သည့် ဆိုးရွားသောအကြမ်းဖက်မှု (၆)ချက်အား မကျုးလွန်မိစေရန်နှင့် ချိုးဖောက်အကြမ်းဖက်မှုများတွေ့ရှိပါက ကလေးသူငယ်များအား အကာအကွယ် ပေးရန် အထူးသတိပြု အလေးထား ဆောင်ရွက်ရမည်။
၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လက်နက်ကိုင်အဖွဲ့စည်းများသည် နိုင်ငံတကာ စံချိန်၊ စံညွှန်းများ၊ ဥပဒေနှင့် သဘောတူညီ ချက်များအား လိုက်နာပြီး ဂုဏ်သိက္ခာမြင့်မားသည် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လမ်းညွှန်ထားသည့် တပ်သား စုဆောင်းရေး မူဝါဒ ညွှန်ကြားချက်များအတိုင်း အသက် (၁၈) နှစ်ပြည့်ပြီးသူများကိုသာ တပ်သားအဖြစ် လက်ခံ စုဆောင်းရေးကို အထူးကြပ်မတ်ဆောင်ရွက်ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် (၁၈) နှစ်အောက် ကလေးသူငယ်များ မိမိတို့ တပ်စခန်းနေရာအသီးသီးတွင် ရောက်ရှိနေသည်ဆိုပါက နောက်ဆက်တွဲ ညွှန်ကြားချက်များပါ အစီအမံတိုင်း ဆောင်ရွက်ထားရှိကြရန် အသိပေးလမ်းညွှန်ချက်ကို ထုတ်ပြန်လိုက်သည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ