ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် သတင်းထုတ်ပြန်ချက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်
ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် သတင်းထုတ်ပြန်ချက်
၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်
(၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်)
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့သဘောထားဆန္ဒ နှင့်အညီ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲရာတွင် တော်လှန်ရေး၏လိုအပ်ချက်အရ “ပြည်သူ့ ကာကွယ်ရေး တပ်မတော်” (People Defence Force – PDF) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန် (၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
၂။ PDF တပ်မတော်ကို ဖွဲ့စည်းနိုင်ရေး၊ ရပ်တည်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပူးပေါင်းပါဝင်ခဲ့ကြသော ပြည်သူလူထုတရပ်လုံးကို အထူး ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
၃။ ထို့ပြင် PDF တပ်မတော်ကို အချိန်တိုတခုအတွင်း ဤသို့ အားကောင်းခိုင်မာစွာ စုဖွဲ့နိုင်ရေး၊ ရပ်တည်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားခြင်း၊ လက်တွဲခေါ်ယူခြင်း၊ ပူးပေါင်းအားဖြည့်ခြင်း၊ ကူညီဝန်းရံခြင်းစသည့် နည်းလမ်းအမျိုးမျိုးဖြင့် ကူညီပေးခဲ့ကြသည့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို လေးနက်စွာ ကျေးဇူးတင်ကြောင်း၊ မော်ကွန်းတင် ကြောင်းကို ဖော်ပြအပ်ပါသည်။
၄။ အထူးသဖြင့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C) အဖွဲ့ဝင် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း များနှင့်ခေါင်းဆောင်ကြီးများကိုလည်းကောင်း၊ ပူးတွဲညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ (Joint Coordination Committee – J2C) အဖွဲ့ဝင် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း များနှင့်ခေါင်းဆောင်ကြီးများကိုလည်းကောင်း မြန်မာပြည်သူ လူထုတရပ်လုံး ကိုယ်စား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကျေးဇူးတင်အပ်ပါသည်။
၅။ PDF တပ်မတော်၏ အသက်သွေးကြောမှာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ ထောက်ခံမှု၊ ကူညီအားပေးမှုပင် ဖြစ်ပါသည်။ ပြည်သူလူထု၏ စိတ်ဆန္ဒနှင့် ပါဝင်မှုမရှိဘဲ ဤပြည်သူ့ တော်လှန်ရေးသည် ဖြစ်မလာနိုင်ပါ။ ပြည်သူ့တော်လှန်ရေးနှင့် ပြည်သူ့ထောက်ခံမှုမရှိပါက PDF တပ်မတော်သည် ရပ်တည်နိုင်မည် မဟုတ်ပါ။ ပြည်သူ့ကြားက ပေါက်ဖွားလာသော ပြည်သူ့ တပ်မတော်ဖြစ်သည်နှင့်အညီ PDF တပ်မတော်သည် ပြည်သူလူထုကို ကာကွယ်ရန်၊ စောင့်ရှောက်ရန်၊ ရိုသေရန် ဖြစ်ပါသည်။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်နှင့်အတူ ပြည်သူ့ ကာကွယ်ရေးတပ်မတော်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အစွမ်းကုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၆။ ဖြတ်သန်းခဲ့သည် အချိန် (၂) နှစ်တာအတွင်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)တို့၏ လုပ်ဆောင်ခဲ့မှုများအနက် အရေးပါသည့် အကြောင်းအရာ အချို့ကို အောက်ပါအတိုင်း ထုတ်နှုတ်ဖော်ပြအပ်ပါသည်။
(၁) ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို တနိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း (၃၀၀) ခန့် အတည်ပြုစုဖွဲ့နိုင်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် “ပြည်သူ့စစ်” တာဝန် ထမ်းဆောင်ရသည့် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို မြို့နယ်ပေါင်း (၂၅၀) ကျော်တွင် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားသည်။ လူအင်အား (Man Power) အရ မိမိတိုက်ခိုက်ရေးအင်အားသည် ရန်သူ့ထက် “သာလွန်အင်အား” ဖြစ်အောင် ဤအချိန် (၂) နှစ် အတွင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ပြီးဖြစ်သည်။
(၂) မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အတူပူးပေါင်းကာ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C) ၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီ (Joint Coordination Committee – J2C) တို့ကို စုဖွဲ့ထားသည်။ စစ်ရေးအရ ဗဟိုအဆင့် မဟာဗျူဟာ ချမှတ်ရေး၊ ပူးပေါင်းကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး တို့ကို ဤအဖွဲ့အစည်းများတွင် ညှိနှိုင်းဆွေးနွေးကာ ကွပ်ကဲဆောင်ရွက်လျက်ရှိသည်။
(၃) ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒ ဦးဆောင်မှုနှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်ရုံးချုပ်ကို တည်ထောင်ခဲ့ပြီးဖြစ်သည်။ စစ်ရေးစစ်ရာကိစ္စရပ်များကို သက်ဆိုင်ရာ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ဟန်ချက်ညီလက်တွဲကာ PDF စစ်ရုံးချုပ်က ကွပ်ကဲဆောင်ရွက်လျက်ရှိသည်။
(၄) ယခုအခါ PDF တပ်မတော်ကို မြောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းဟူ၍ စစ်တိုင်းကြီး (၃) တိုင်းဖြင့် ဖွဲ့စည်းထားသည်။ ထို့ပြင် သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲပေါင်းစပ်၍ အမှတ် (၁) စစ်ဒေသနှင့် တောင်ပိုင်းစစ်ဒေသ ဟူသော “စစ်ဒေသ” (၂) ခု ဖွဲ့စည်းကာ စစ်ရေးပူးပေါင်းညှိနှိုင်းမှုနှင့်ပူးတွဲကွပ်ကဲမှုများ ဆောင်ရွက် လျက်ရှိသည်။ စစ်ဒေသများ၊ စစ်ဒေသခွဲများ၏ ကွပ်ကဲမှုအောက်တွင် ခရိုင်အဆင့် ကွပ်ကဲရေးမှူး၊ တပ်ရင်းမှူး/စစ်ကြောင်းမှူး တာဝန်နေရာ အများစုကိုလည်း မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များမှ အတွေ့အကြုံရှိ တပ်မှူးများကိုယ်တိုင် တာဝန်ထမ်းဆောင်လျက် ရှိသည်။
(၅) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် မိမိထက် လက်နက်ခဲယမ်းအင်အား၊ လေကြောင်းစိုးမိုးနိုင်မှု (Air Superiority) ၊ နည်းပညာနှင့် စစ်အတွေ့အကြုံစသည့် များစွာ သာလွန်သည့် ရန်သူနှင့် ဘက်မညီစစ် (Asymmetrical Warfare) ကို ရင်ဆိုင်ဆင်နွှဲနေရခြင်း ဖြစ်သည်။ PDF တပ်မတော်သည် စစ်မဟာဗျူဟာအရ “ပြည်သူ့စစ်မဟာဗျူဟာ” (People’s War Strategy) ကို စွဲကိုင်ကာ နည်းဗျူဟာအရ “ပြောက်ကျားစစ်” (Guerrilla Warfare) ကို စနစ်တကျ အားပြု ကျင့်သုံးလျက်ရှိသည်။
(၆) ဤစစ်မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် ပြီးခဲ့သည့် (၂) နှစ်တာအတွင်း ရန်သူကို အမှည့် ခြွေခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနားမပေးခြင်း၊ စိတ်ပိုင်း ရုပ်ပိုင်း ဆုတ်လျော့အားပြတ်စေခြင်းတို့ကို ထိရောက်စွာ ပုံဖော် ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် မိမိတို့ စိုးမိုး နယ်မြေများစွာ တည်ဆောက်နိုင်ခဲ့သည်။ မိမိ စိုးမိုးနယ်မြေများတွင် အရပ်ဖက်အုပ်ချုပ်ရေးနှင့် လူမှုဝန်ဆောင်မှုယန္တရားများ ဖြည့်ဆည်းတည်ဆောက်နိုင်ရေးအတွက်လည်း မိမိတို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ၊ ဆောင်ရွက်လျက်ရှိသည်။
(၇) ဒေသန္တရအဆင့် ကိစ္စရပ်များ၊ ပြဿနာများကို အရပ်ဘက်-စစ်ဘက် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းနိုင်ရန်အတွက် “ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့” များကို ဖွဲ့စည်းထားရာတွင် စစ်ဘက် တာဝန်ရှိသူများအနေဖြင့် ခရိုင်ကွပ်ကဲရေးမှူး၊ ခရိုင် စစ်ရေး/စစ်ထောက်တာဝန်ခံ၊ ခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံတို့သည် အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။
(၈) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အတွက် ယခုချိန်ထိ အဓိက အားနည်း လိုအပ်ချက်မှာ လက်နက်ခဲယမ်းမီးကျောက်ပင် ဖြစ်သည်။ တနည်းအားဖြင့် ဘဏ္ဍာရန်ပုံငွေ မလုံလောက်မှုဟု ဆိုနိုင်ပါသည်။ လွန်ခဲ့သည့် (၂) နှစ်၊ ပြည်သူ့တော်လှန်ရေးစတင်ချိန်ကဆိုလျှင် တူမီး၊ လက်လုပ် သေနက်များဖြင့်သာ ရန်သူကို ခုခံခဲ့ကြရသည်။ ယခုအခါတွင် ပြည်သူလူထု တရပ်လုံး၏ လှူဒါန်း ကူညီမှု၊ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်မှုတို့ကြောင့် PDF တပ်မတော်အတွက် ချေမှုန်းရေးရိုင်ဖယ်အပါအဝင် လက်နက်ငယ် မျိုးစုံ၊ လက်နက်ကြီး၊ လက်ဖြောင့်စနိုက်ပါ၊ မောင်းသူမဲ့လေယာဉ်ငယ် (Drone)၊ မိုင်းအမျိုးမျိုး စသည်တို့ကို အတိုင်းအတာတခုအထိ တပ်ဆင်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် မိမိတို့ ကိုယ်ပိုင် လက်နက်ခဲယမ်း ထုတ်လုပ်ခြင်းကဏ္ဍသည်လည်း များစွာ အောင်မြင်၊ ပေါက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ရန်သူနှင့် ကောင်းစွာနှိုင်းယှဉ်နိုင်သည့်၊ ပွဲသိမ်းအဆင့် တိုက်ခိုက်နိုင်သည့် လက်နက်ခဲယမ်း အင်အား အခြေအနေသို့ ရောက်ရန် များစွာ ဆက်လက်ကြိုးပမ်းကြရဦးမည် ဖြစ်သည်။ အထူးသဖြင့် ရန်သူ့အဓိက အားသာချက်ဖြစ်သော လေကြောင်းရန်ကို တန်ပြန် တိုက်ခိုက်နိုင်ရန်၊ ခုခံနိုင်ရန်အတွက် ဗျူဟာမြောက် လက်နက်ပစ္စည်းများ အလုံအလောက် ရရှိ နိုင်ရန် ဆက်လက် ကြိုးပမ်းလျက် ရှိသည်။
(၉) PDF စစ်သည်တော်များ၊ အဆင့်ဆင့်သော ဦး/ရေး/ထောက် တာဝန်ရှိသူများ၊ လက်ရုံးတပ် များအတွက် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ အခြေခံစစ်ပညာ သင်တန်း၊ အကြပ် (Non-commission Officers-NCO) သင်တန်း၊ တပ်မှူးငယ် (တပ်ခွဲမှူး) သင်တန်း၊ ဦး/ရေး/ထောက် သင်တန်း၊ ရုံးလုပ်ငန်း သင်တန်း၊ ထောက်လှမ်းရေးပညာ သင်တန်း၊ မြို့ပြပျောက်ကြား သင်တန်း၊ အထူးကွန်မန်ဒိုသင်တန်း၊ ကိုယ်ခံပညာ သင်တန်း၊ မိုင်းပညာ သင်တန်း၊ လက်နက်ကြီးသင်တန်း၊ လက်ဖြောင့် စနိုက်ပါသင်တန်း၊ Drone သင်တန်း၊ ဆေး သင်တန်း၊ ဆက်သွယ်ရေး သင်တန်း၊ ထုတ်လုပ်ရေးသင်တန်း၊ Geneva Convention နှင့် နိုင်ငံတကာ စစ်ဥပဒေသင်တန်း၊ စစ်သည်တော်ကျင့်ဝတ်ဆိုင်ရာသင်တန်း၊ လူ့အခွင့်အရေး သင်တန်း၊မွမ်းမံသင်တန်းအမျိုးမျိုးတို့အပါအဝင် သင်တန်းမျိုးစုံစီစဉ်ဆောင်ရွက်ခဲ့၊ဆောင်ရွက်ဆဲ ဖြစ်သည်။
(၁၀) PDF တပ်မတော်အတွက် နိုင်ငံအချို့မှ သံတမန်များ၊ စစ်သံမှူးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပညာရပ်နှင့်အတွေ့အကြုံဆိုင်ရာ မျှဝေဖလှယ်ခြင်းတို့ ပြုလုပ်ခဲ့နိုင်သည်။
(၁၁) အများပြည်သူက မိမိတို့ချွေးနဲစာမှ ထောက်ပံ့ကူညီလှူဒါန်းလာသည့် ဘဏ္ဍာရန်ပုံငွေ များကို စစ်လက်နက်ခဲယမ်း ဝယ်ယူရေးနှင့် ထုတ်လုပ်ရေး၊ စစ်ဆင်ရေး၊ တပ်ရေးနှင့် တပ်ထောက် ကိစ္စရပ်များ၊ မဟာမိတ် ထောက်ပံ့ရေးနှင့် မျှဝေရေးကိစ္စရပ်များတွင် အလေအလွင့်မရှိဘဲ အထိရောက်ဆုံးဖြစ်ရန် စနစ်တကျ စီမံ၊ ခွဲဝေ၊ သုံးစွဲ ဆောင်ရွက်လျက်ရှိသည်။
(၁၂) “ကျေးလက်ကို အခြေပြု၊ မြို့ပြကို ဝန်းရံ” ဟူသည့် အခြေခံ ပြောက်ကျားစစ် နည်းဗျူဟာနှင့်အညီ ယခုအခါ ကျေးလက်ဒေသ အများစုကို မိမိစိုးမိုးနယ်မြေအဖြစ် တည်ဆောက်ခဲ့နိုင်ပြီးဖြစ်သည်။ တော်လှန်ရေး၏ နောက်တဆင့်အဖြစ် မြို့ပြဒေသများကို ခြိမ်းခြောက်နိုင်ရေး၊ ရန်သူ့အမာခံနယ်မြေများကို ထိုးဖောက်ဝင်ရောက် လှုပ်ရှားနိုင်ရေး၊ ရန်သူ့ ဗျူဟာမြောက် ဆက်သွယ် ထောက်ပို့ရေးလမ်းကြောင်းများ (Line of Communication) ကို ဖြတ်တောက်ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိသည်။
(၁၃) ရန်သူကို အနားမပေးဘဲ ဘက်ပေါင်းစုံ၊ နေရာစုံမှ ဖိအားပေး တိုက်ခိုက်ရေး (ကွက်ပြည့် ကွက်စေ့ ဆောင်ရွက်ခြင်း) သဘောတရားနှင့်အညီ တနိုင်ငံလုံးတွင် စစ်ရေးလှုပ်ရှားမှုများကို ကောင်းစွာ ပုံဖော်နိုင်ခဲ့သည်။ ရန်သူ့ရှေ့တန်းစခန်းများ၊ စစ်ကြောင်းများကိုသာမက တပ်ရင်း တပ်ဖွဲ့ နောက်တန်းစခန်း၊ စစ်တိုင်းဌာနချုပ်၊ ခြေမြန်တပ်မဌာနချုပ် (တမခ)၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ လေတပ်စခန်း၊ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ)၊ စစ်လေယာဉ်ကွင်း၊ ဆီသိုလှောင်ကန် စသည်တို့ကိုပါ ခြိမ်းခြောက်၊ နှောက်ယှက်၊ တိုက်ခိုက်နိုင်ပြီဖြစ်သည်။
(၁၄) လွန်ခဲ့သည့် အချိန် (၂) နှစ်က စစ်မဟာဗျူဟာအရ ခံစစ် (Phase of Strategic Defense) ဖြင့် စတင်ခဲ့ရသော ပြည်သူ့ခုခံတော်လှန်စစ်သည် ယခုအခါ စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ် အကြိုကာလ (Phase of Strategic Equilibrium) သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ နောက်ဆုံးအဆင့် ဖြစ်သော စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလ (Phase of Strategic Counter Offensive) သို့ ဆက်လက်တက်လှမ်းနိုင်ရေးအတွက် လိုအပ်သော ဘဏ္ဍာရန်ပုံငွေနှင့် ဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများ တိုးမြင့် ရရှိရေး ဆောင်ရွက်လျက်ရှိသည်။
(၁၅) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ များ၏ စုပေါင်းစွမ်းဆောင်ရည်ဖြင့် နှစ်နှစ်အတွင်း အနည်းဆုံး ရန်သူ့အင်အား (၃)သောင်း ခန့်ကို သုတ်သင်နိုင်ခဲ့ပြီး (၁)သောင်းကျော်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်။ ရန်သူ့တပ်တွင် ရှိခဲ့ သော်လည်း စစ်အာဏာသိမ်းမှုကို လက်မခံသည့် ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်သား (၁၃၀၀၀) ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့သည်။
(၁၆) ပြည်သူ့နွေဦးတော်လှန်ရေးကြီးတွင် ပေါ်ပေါက်လာပြီး ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေ ကြသည့် သူရဲကောင်း စစ်သည်တော်များအားလုံး၊ အဖွဲ့အစည်းများ အားလုံးကို အထူးလေးစား တန်ဖိုးထားပါသည်။ စစ်ရေးအရ ပိုမိုထိရောက်ရေးအတွက် ခိုင်မာအားကောင်းမှန်ကန်၍ ညီညွတ်သည့် အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) ကို တည်ဆောက်နိုင်ရေးကို ကနဦးအစမှသည် ယနေ့အထိ စဉ်ဆက်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) အလံတော်အောက်တွင် အားလုံးတစည်းတလုံး၊ တစုတဝေးတည်း ရပ်တည်လာရေးအတွက် ဆက်လက်ကြိုးပမ်းသွားပါမည်။ အလားတူ ကွပ်ကဲမှု အောက်ရှိ PDF တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ အားလုံးအနေ ဖြင့်လည်း အဆင့်ဆင့် တည်ဆောက်ထားသော အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command)၊ စစ်သည်တော်ကျင့်ဝတ် (Code of Conduct) များနှင့်အညီ တိကျ၊ မှန်ကန်စွာ လိုက်နာဆောင်ရွက်ကြရန် အထူးညွှန်ကြား၊ ကြပ်မတ်၊ ဆောင်ရွက်လျက်ရှိသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။