ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်တစ်နှစ်ပြည့် တိုးတက်မှု
၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ အစိုးရကို ဖက်ဆစ်စစ်တပ်မှအတင်းအဓမ္မဖယ်ရှားပြီး ပြည်သူ့အာဏာကို လုယူခဲ့သည်။
မတရားမှုကိုဆန့်ကျင်ပြီး အာဏာသိမ်းမှုကိုလက်မခံနိုင်သည့်ပြည်သူလူထုတစ်ရပ်လုံးသည် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကြီးများကို ကမ္ဘာသိမြန်မာသိ သြချရလောက်သည်အထိ ဖော်ထုတ်ပြသခဲ့ကြသည်။
သို့ရာတွင် အကြမ်းဖက်စစ်တပ်မှ ပြည်သူ့အသံ၊ ပြည်သူ၏ ဆန္ဒကိုဆန့်ကျင်လျက် လက်နက်အားကိုးဖြင့် အဆုံးစွန်ထိ ယုတ်မာရက်စက်ဖိနှိပ်ခဲ့ကြသည်။
ထို့ကြောင့် မိမိကိုယ်ကိုခုခံကာကွယ်နိုင်ရန်နှင့် အကြမ်းဖက်စစ်တပ်ကို ပြန်လည်တွန်းလှန်တိုက်ခိုက်နိုင်ရန်အလို့ငှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကို ဖွဲ့စည်းတည်ထောင်ကြောင်း မကြေညာမီ အစောပိုင်းကာလများ ကတည်းကပင်လျှင် လူငယ်များသည် လွတ်မြောက်နယ်မြေများတွင် စစ်ပညာများကို စနစ်တကျဆည်းပူး သင်ယူပြီး လေ့ကျင့်ပြင်ဆင်နေခဲ့ကြပြီးဖြစ်သည်။
ယနေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ကြောင်းကြေညာခြင်း (၁) နှစ်ပြည့်မြောက်သည့် အချိန်တွင် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နှင့် စည်းကမ်းများကို တိကျစွာလေးစားလိုက်နာသော၊ အမိန့်နာခံမှု အားကောင်းသော၊ ပြည်သူကိုမျက်နှာမူသော ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊တပ်ဖွဲ့ပေါင်း (၂၅၇) ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်သည်။
ထို့အပြင် မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို မြို့နယ်ပေါင်း (၂၅၀) တွင် စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်သည်။
ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များ၊ မြို့ပြပြောက်ကျား အဖွဲ့များ (၄၀၀) ကျော်နှင့်လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ရန် ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်သည်။
ယခုကဲ့သို့ အချိန်အတိုင်းအတာတစ်ခုအတွင်း စနစ်တကျစုဖွဲ့၍ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနိုင်ရခြင်းမှာ ပြည်သူလူထုတစ်ရပ်လုံး၏ ထက်သန်ပြင်းပြလှသည့် တော်လှန်သွေးကြောင့်ဖြစ်သည်။
လက်ရှိစုဖွဲ့ထားရှိပြီးသော ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များအပြင် ပြည်သူ့ခုခံ တွန်းလှန်စစ်တွင် ပါဝင်ဆင်နွှဲနိုင်ရန် စစ်ပညာများကို အပတ်တကုတ်ဆည်းပူးလေ့လာပြီး ကြိုးစားလေ့ကျင့် ပြင်ဆင်နေကြသူ အများအပြားရှိနေသည်။
ပြည်သူ့အားဖြင့် ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ