အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာဆင်နွှဲပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ အပြီးသတ်သိမ်းပိုက်ရရှိ

၂၀၂၅ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့
 
                                   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့၊ ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်သည်။ အင်းတော်မြို့သိမ်းစစ်ဆင်ရေးသည် ရက်ရှည်တိုက်ပွဲတခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ ၎င်းတို့ နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇ရက် ည ၉:၀၀နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်း ဖြစ်သည်။
                                    အင်းတော်မြို့သည် စစ်ကောင်စီ ၏တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီး တပ်မမှူးကိုယ်တိုင် ကွပ်ကဲသည်။ အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ရွှေဘိုခရိုင် အမှတ် (၆၊ ၉၊ ၁၂) တပ်ရင်းများ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၃၊ ၅၊ ၈၊ ၁၀၊ ၁၇) တပ်ရင်းများ၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ စစ်ကိုင်းတိုင်းပကဖ လက်နက်ကြီးတပ်ဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့သည်။
                               ဤ မြို့သိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့်ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း ကနဦးသတင်းထုတ်ပြန်အပ် ပါသည်။
 
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန