လွတ်လပ်ရေးနေ့သန္နိဌာန်
လွတ်လပ်ရေးနေ့သန္နိဌာန်
၁။ ယနေ့ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကျွန်ုပ်တို့ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဝမ်းမြောက်စွာကြိုဆိုပါသည်။ ၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်အပြီး ရန္တပိုစာချုပ် ချုပ်ဆိုပြီးချိန်မှစ၍ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ နှစ်ပေါင်း ၁၀၀ ကျော် ဗြိတိသျှကိုလိုနီလက်အောက်တွင် ကျရောက်ခဲ့ရသည်။ လွတ်လပ်ရေးအတွက် အသက်၊ အိုးအိမ်၊စည်းစိမ်များကို စွန့်လွှတ်ပေးဆပ် တိုက်ပွဲဝင်ခဲ့သော ပြည်ထောင်စုတဝန်းရှိ လူမျိုးစုခေါင်းဆောင်များနှင့်တကွ သူရဲကောင်းများအားလုံးကို အလေးအနက် ဂုဏ်ပြု ဦီးညွှတ်ပါသည်။
၂။ ယနေ့အချိန်အခါတွင်လည်း ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုတရပ်လုံးသည် စစ်အာဏာရှင်စနစ် လက်အောက်မှ အပြီးတိုင်လွတ်မြောက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင် နိုင်ရေးအတွက် အတူတကွ ရုန်းကန် ကြိုးစား တိုက်ပွဲဝင်လျက်ရှိသည်။ နှစ်ပေါင်း ၇၀ ကျော် အာဏာရှင်စနစ် အဆက်ဆက်၏ လက်အောက်တွင် လူးလွန့်နေခဲ့ရသော ဆိုးကျော့သံသရာကို ချိုးဖျက်ရန် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး စုစည်းညီညွတ်စွာဖြင့် ပြည်သူ့တော်လှန်ရေးကြီးကို ဆင်နွှဲနေသောကာလ ဖြစ်သည်။
၃။ ကျွန်ုပ်တို့ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တလျက်ရှိသော နွေဦးတော်လှန်ရေးအောင်မြင်ပြီး အာဏာရှင်စနစ် အဆုံးသတ်စေရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြည်သူများနှင့်အတူ တသံတည်းချီ တညီတည်းရုန်းလျက် အားထုတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် တော်လှန်ရေးသန္နိဋ္ဌာန်ချမှတ်ပါသည်။
“ပြည်သူ့တော်လှန်ရေးမုချအောင်ရမည်”
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ