National Unity Government communicate via .nugmyanmar.org websites. (e.g. go.nugmyanmar.org/open)

Secure websites use HTTPS
Look for a lock or https:// as an added precaution. Share sensitive information only on official, secure websites.

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ သုံ့ပန်းနှင့် စစ်ဖက်အကျဉ်းသား ထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်ချက်

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ သုံ့ပန်းနှင့် စစ်ဖက်အကျဉ်းသား
ထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်ချက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတော်လှန်ရေးစစ်ပွဲကို ပြည်သူများ၊ တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်အတူ လက်တွဲညီညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျှက်ရှိပေသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများအနေဖြင့် ဂျီနီဗာသဘောတူညီချက်အပါအဝင် စစ်ဖက်ရေးရာ နိုင်ငံတကာစည်းမျဉ်း၊ ကျင့်ဝတ်များ၊ နှုန်းစံများကို မမှိတ်မသုံ လိုက်နာ ဆောင်ရွက်ကြရန်လည်း လိုအပ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ချိတ်ဆက် ကွပ်ကဲမှုအောက်တွင်ရှိသော ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ လိုက်နာကျင့်သုံးနိုင်စေရန် သုံ့ပန်း နှင့်စစ်ဖက်အကျဉ်းသား ထိန်းသိမ်းခြင်းဆိုင်ရာ လမ်းညွှန်ချက်ကို ထုတ်ပြန်လိုက်သည်။
၃။ သုံ့ပန်းနှင့်စစ်ဖက်အကျဉ်းသား ဟူသောစကားရပ်တွင် ပြည်သူ့ခုခံတော်လှန်ရေး ကာလအတွင်း ဒဏ်ရာအနာတရနှင့်သော်လည်းကောင်း၊ အသက်ရှင်ကျန်လျက်သော်လည်းကောင်း၊ ဖမ်းဆီးရမိသော၊ လက်နက်ချ အလင်းဝင်လာသော-
(က) အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ၊ သီးခြားတာဝန်ပေးအပ် ထားသော တပ်ဖွဲ့ဝင်များ
(ခ) အကြမ်းဖက်စစ်ကောင်စီ၏ အမိန့်အောက်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် များ၊ သီးခြား တာဝန်ပေးထားသောတပ်ဖွဲ့ဝင်များ
(ဂ) အကြမ်းဖက်စစ်ကောင်စီ၏ အမိန့်အောက်တွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊ ပျူစောထီး အဖွဲ့ဝင်များ ပါဝင်သည်။
၄။ သုံ့ပန်းနှင့်စစ်ဖက်အကျဉ်းသား ဟူသောစကားရပ်တွင် မိမိတို့ဆန္ဒအလျောက် ပြည်သူ့ရင်ခွင် ခိုလှုံသော စစ်ဖက်၊ ရဲဖက် လုံခြုံရေးတပ်ဖွဲ့ဝင်များ မပါဝင်စေရ။
၅။ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ အနေဖြင့် သုံ့ပန်းများ၊ စစ်ဖက်အကျဉ်းသားများနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရမည်။
(က) လူသားဆန်စွာ ပြုမူဆက်ဆံရမည်။ လုံလောက်သောအစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးရမည်။
(ခ) တိုက်ပွဲများ၊ ပဋိပက္ခများနှင့် လွတ်ကင်းရာ ယာယီစခန်းများတွင် ဦးစွာထိန်းသိမ်းထားပြီး သက်ဆိုင်ရာ စစ်ဒေသများသို့ လွှဲပြောင်းအပ်နှံရမည်။ (တိုက်ပွဲအခြေအနေကြောင့် စခန်း ရွှေ့ပြောင်းခဲ့ရသည်ရှိသော် အကျဉ်းသားအား တစ်ပါတည်းခေါ်ဆောင်နိုင်ရန် စီစဉ်ထားရှိရမည်။)
(ဂ) ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် ညှင်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်းများကို ရှောင်ကျဉ်ရမည်။
(ဃ) ကနဦးမေးမြန်းစစ်ဆေးမှုကို တာဝန်ရှိသူမှစစ်မေးနိုင်ပြီး အထက်ကွပ်ကဲမှုအဆင့်ဆင့်သို့ အချိန်နှင့်တပြေးညီ တင်ပြ အစီရင်ခံရမည်။
(င) ဒဏ်ရာကြောင့်သော်လည်းကောင်း၊ ရောဂါဘယကြောင့်သော်လည်းကောင်း၊ အခြား မျှော်လင့်မထားသော ကိစ္စတစ်ရပ်ရပ်ကြောင့်သော်လည်းကောင်း ဆုံးပါးသွားခဲ့ပါက ကောင်းမွန်စွာ မြုပ်နှံသင်္ဂြိုလ်ပေးရမည်။
(စ) အကျဉ်းသား ပိုင်ဆိုင်သည့်အရာများကို စနစ်တကျမှတ်တမ်းတင် သိမ်းဆည်းအပ်နှံ စေရမည်။
(ဆ) ICRC သို့ ဆက်သွယ်သတင်းပေးပို့နိုင်ရေးအတွက် အကျဉ်းသားများ၏ ကိုယ်ရေး အချက်အလက်များကို စုစည်း၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြရမည်။
(ဇ) စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု သံသယရှိသူများ၊တာဝန်ရှိသူများကို အချက်အလက်များ နှင့်တကွ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်အပ်နှင်းသော စစ်ရာဇဝတ်မှုစိစစ်ရေးဗျူရို (ကော်မတီ) သို့လွှဲပြောင်း ရမည်။
(စျ) တိုက်ပွဲ၊ ပဋိပက္ခများပြီးဆုံးသောအခါ သုံ့ပန်း နှင့် စစ်ဖက်အကျဉ်းသားများအား စိစစ်၍ ပြန်လည် လွှတ်ပေးရမည်။
ပုံ
အတွင်းရေးမှူး
ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ ညှိနှိုင်းကွပ်ကဲရေး ဗဟိုကော်မတီ။
စာအမှတ် ။ ။ ပကဖ (ဗဟို)/၀၀၁(လမ်းညွှန်)- ၀၃/ ကကန- ၂၀၂၁