ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ နိုင်ငံတော်အခြေပြုမိန့်ခွန်းပြောကြားခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ နိုင်ငံတော်အခြေပြုမိန့်ခွန်းပြောကြားခြင်း
====================================
၂၀၂၂ ခုနှစ် ဧပြီလ (၁၆)ရက်နေ့
ငြိမ်းချမ်းရေးကို နှစ်သက်မြတ်နိုးကြတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားများခင်ဗျာ
နှစ်ဟောင်းကို ဆေးကြောတဲ့ အတာသင်္ကြန်အပြီးမှာ နှစ်သစ်နဲ့အတူ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ အောင်မြင်ခြင်း အဖြာဖြာတို့ကို ရရှိပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား ဆုတောင်းမေတ္တာ ပို့လိုပါတယ်။
ယနေ့ဟာ ပြည်သူလူထုကရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးနောက် ပြည်သူ့ကိုယ်စားပြု ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကနေ ပေါက်ဖွားလာတဲ့ မြန်မာနိုင်ငံရဲ့ တခုတည်းသော တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့တဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။
ပထမဦးစွာ စစ်အာဏာသိမ်းဆန့်ကျင်ရေးနှင့် နွေဦးတော်လှန်ရေးအတွက် အဖက်ဖက်မှ စွန့်လွှတ်စွန့်စားပါဝင်ကြပြီး၊ ညှင်းပန်းနှိပ်စက်မှု အမျိုးမျိုးကြားက ဇွဲလုံ့လအပြည်နဲ့ တော်လှန်ရေးကို ကျောထောက်နောက်ခံပြုကြတဲ့ ပြည်သူလူထုကို အထူးကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်။
အားလုံးသိတဲ့အတိုင်း စစ်အာဏာရှင်တွေဟာ ပြည်သူလူထုကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့ကြတယ်။ လူမဆန်တဲ့ စစ်ကောင်စီတွေဟာ မြို့တွေရွာတွေကို မီးလောင်တိုက်သွင်းကြတယ်။ ကလေးလူကြီးမရွေး အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြတယ်။ ချင်းပြည်နယ်က အမျိုးသမီးတစ်ယောက်ကို သူ့ယောကျ်ားရှေ့မှာဘဲ မုဒိန်းကျင့်ပြတာ၊ ကရင်နီပြည်နယ်မှာ လူ၃၅ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ကြတာတွေဟာ စစ်ကောင်စီရဲ့ ယုတ်မာရက်စက်မှု သာဓကတွေဖြစ်ပါတယ်။
ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြားကဘဲ အမျိုးသားညီညွတ်ရေးအစိုးရဟာ အစိုးရတစ်ရပ်ရဲ့ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်တာဟာ ပြည်သူလူထုရဲ့ နားလည်ပေးမှု၊ အားပေးထောက်ခံမှုနဲ့ ထောက်ပံ့ကူညီပေးမှုကြောင့် ဖြစ်ပါတယ်။
Gen Z တွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုနဲ့ ပြည်သူ့ဝန်ထမ်းများရဲ့ CDMလှုပ်ရှားမှုနဲ့စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေးယန္တရားကို အသက်မဝင်အောင် ရပ်တန့်နိုင်ခဲ့ပါတယ်။ လူထုရဲ့ ဆန့်ကျင်တော်လှန်မှုကြောင့် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဟာ မအောင်မြင်ခဲ့သလို တိုင်းပြည်တခုလုံးကို ထိန်းချုပ်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။
ယနေ့ နှစ်သစ်ကူးမင်္ဂလာနှင့်အတူ ပြည်သူလူထုကို အသိပေးလိုတာကတော့ NUGဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်များဟာ နိုင်ငံရဲ့ နေရာတော်တော်များ (အထူးသဖြင့်ကျေးလက်ဒေသများ) ကိုထိန်းချုပ်ထားပြီ ဖြစ်ပြီး မြို့ပြတချို့ကိုလည်း ဝိုင်းပတ် စိုးမိုးထားပြီဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်များဟာ နယ်မြေတော်တော် များများမှာ လှုပ်ရှားထိန်းချုပ်လာနိုင်တာ၊ စစ်ကောင်စီတွေနဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲတိုင်း ရဲစွမ်းသတ္တိအပြည့်နဲ့ ဆင်နွှဲနိုင်ကြတာဟာ ဒေသခံပြည်သူတွေနဲ့ ပြည်ပရောက် နိုင်ငံသားတွေရဲ့ ထောက်ခံအားပေးမှုတွေနဲ့ ထောက်ပံ့ပေးမှုကြောင့်ဘဲ ဖြစ်ပါတယ်။ များမကြာမီ နယ်မြေတော်တော်များများကို လွတ်မြောက်နယ်မြေ အဖြစ်ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။
မိစ္ဆာစစ်ကောင်စီတွေနဲ့ ယနေ့ထိ ရင်ဆိုင်ရတဲ့ တိုက်ပွဲတိုင်း ကျွန်တော်တို့ဖက်က အနိုင်ရနေသလို အဆုံးသတ်စစ်ပွဲမှာလည်း ပြည်သူလူထုကဘဲ အနိုင်ရမယ်လို့ ကျွန်တော်လုံးဝယုံကြည်ပါတယ်။ NUG အစိုးရဟာ မိမိတို့ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ ကြားကာလအုပ်ချုပ်ရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေး ယန္တယားများကို ဒေသခံများရဲ့ ကူညီထောက်ပံ့မှုနဲ့ မဟာမိတ်များရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။
NUGအစိုးရဟာ CDMဝန်ထမ်းများနှင့်အတူ အဆင့်မြင့် ပညာသင်ကြားရေးနဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေကို စတင်ပို့ချနေပြီဖြစ်သလို CDMကျန်းမာရေးဝန်ထမ်း များနှင့်အတူ ငွေရေးကြေးရေးနဲ့ ကိရိယာတန်ဆာပလာ အခက်အခဲနဲ့ စိန်ခေါ်မှုများစွာကြားကဘဲ ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း ပေးနေပြီဖြစ်ပါတယ်။
ကျတော်တို့ရဲ့ ပြည်သူ့ရင်ခွင် အစီအစဥ်ကနေ တပ်ရင်းမှူးနဲ့ အရာရှိအရာခံများအပါအဝင် စစ်ကောင်စီရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များစွာကိုလည်း ကြိုဆိုနေပြီ ဖြစ်ပါတယ်။ များမကြာမီက ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ်ကို ဝင်ရောက်လာတဲ့ဦးရေ တိုးပွါးလာသလို၊ ဩစတေးလျကဲ့သို့သော နိုင်ငံတကာအနေနဲ့လည်း ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ ပြည်သူ့စစ်သားတွေကို ပြန်လည်နေရာချထားရေးအတွက် ပူးပေါင်းဆောင်ရွက်ကူညီပေးနေပြီ ဖြစ်ပါတယ်။
NUG အစိုးရဟာ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့အတူ အပြန်အလှန်ယုံကြည်မှုတွေကို တည်ဆောက်နိုင်ခဲ့သလို၊ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ တဆက်တည်းမှာ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့လည်း ညီညွတ်မှုကို ဆက်လက်တည်ဆောက်နိုင်အောင် အစဥ်မပြတ် ကြိုးပမ်းဆောင်ရွက်နေပါတယ်။
NUCCအနေနဲ့လည်း ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ် ဒီမိုကရက်တစ် ပဋိညာဥ်ကို ကြားကာလ ဖွဲ့စည်းပုံတစ်ရပ်အနေနဲ့ အသုံးပြုအောင် ရေးဆွဲချမှတ်နိုင်တဲ့ တိုးတက်အောင်မြင်မှုတွေ တွေ့ရတာ ဝမ်းသာစရာဖြစ်ပါတယ်။ NUCCဟာဆိုရင် တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ CDMအဖွဲ့အစည်းများနဲ့ နိုင်ငံရေးကိုယ်စားပြု ကိုယ်စားလှယ်များ စုံစုံလင်လင် ပါဝင်တဲ့မြန်မာ့သမိုင်းမှာ တစ်ကြိမ်တခါမျှ မရှိဖူးတဲ့ နိုင်ငံရေး ဖြစ်စဥ်တရပ်ဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့အနေနဲ့ စစ်တပ်က လွှမ်းမိုးခြယ်လှယ်ပြီး ဒီမိုကရေစီမကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်သွားဖို့လုံးဝမရှိပါဘူး။ ပြည်သူ့ညီလာခံက အတည်ပြုလိုက်တဲ့ ဖက်ဒရယ်ဒီမိုရေစီ ချာတာအရ ကျနော်တို့ ရှေ့ဆက်မယ့် အနာဂတ်ခရီးရှိနေပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ ဘယ်အင်အားစုမဆို အဲ့ဒီတရားဝင် ပဋိညာဥ်အောက်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်လို့ရပါတယ်။
ကျနော်တို့ NUG အစိုးရဟာ စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားစီရင်ရေးနဲ့ တရားမျှတမှုရရှိရေးအတွက် ဆောင်ရွက်နေပြီဖြစ်တယ်။ ဒါကြောင့် ၂၀၀၂ ခုနှစ် ဇူလိုင်လကနေစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးကို တရားစီရင်နိုင်ရေးအတွက် အပြည်ပြည် ဆိုင်ရာတရားရုံး (ICC)ရဲ့တရားစီရင်ပိုင်ခွင့်ကိုလည်း လက်ခံပြီးဖြစ်ပါတယ်။ ကျွန်ုပ်တို့ အသိုင်းအဝိုင်းကြားထဲက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အစပြုတဲ့အနေနဲ့ ရိုဟင်ဂျာများနဲ့ ပတ်သက်တဲ့ မူဝါဒကိုလည်း ချမှတ်ရေးဆွဲပြဌာန်းခဲ့ပြီး ဖြစ်ပါတယ်။
စစ်အာဏာရှင်များဟာ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တရားဝင်မှုမရှိတော့ဘဲ ယခုဆိုရင် တစ်စထက်တစ်စ ပိုမိုဖယ်ကျဥ်ခြင်းကိုခံနေရပါတယ်။ အမေရိကန်၊ အီးယူနဲ့ အာရှနိုင်ငံများက ထိပ်တန်း အာဏာပိုင်များနဲ့ တရားဝင်တွေ့ဆုံနိုင်မှုလည်း မရှိတော့ပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းများဟာ စစ်အာဏာရှင်တွေကို ဖယ်ကျဥ်ရှောင်ရှား နေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်တွေ့ဆုံ ဆက်ဆံလာမှုတွေ တိုးတက်လာပါတယ်။ အမေရိကန်၊ အီးယူနဲ့ အာရှနိုင်ငံများက ထိပ်ပိုင်းအာဏာပိုင်များနဲ့ တရားဝင်တွေ့ဆုံမှုတွေ ရှိလာပြီဖြစ်ပါတယ်။
ဒါတင်မကပါဘူး။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့နေရာကို ဆက်လက်ထိန်းသိမ်းနိုင်တာ၊ ၂၀၂၁ခုနှစ်ဇွန်လက ထုတ်ပြန်တဲ့ ကုလသမဂ္ဂအထွေထွညီလာခံရဲ့ ဆုံးဖြတ်ချက်၊ ၂၀၂၂ခုနှစ် မတ်လမှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်၊ ဥရောပပါလီမန်နဲ့ ပြင်သစ်ပါလီမန်တို့ကနေ NUG အစိုးရကို အသိအမှတ်ပြုလာမှုတွေဟာ NUG အစိုးရရဲ့ နိုင်ငံရေးနဲ့ သံတမန်ရေးအောင်မြင်မှု အများကြီးထဲက ဥပမာအနည်းငယ်ဖြစ်သလို တပြိုင်တည်းမှာ စစ်ကောင်စီဟာ နိုင်ငံတကာ ကိုယ်စားပြုမှုတွေကို ဆုံးရှုံးသွားတာတွေ့ရပါတယ်။ ဥပမာအနေနဲ့ မင်းအောင်လှိုင်ကိုယ်တိုင် ASEANသမိုင်းမှာ မကြုံစဖူး ASEANထိပ်သီးအစည်းအဝေးမှာ ဖယ်ရှားခြင်းကိုခံရပါတယ်။
တစ်ဆက်တည်းမှာပဲ NUGအစိုးရအနေနဲ့ စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် မဟာမိတ်ကို အားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားပါမယ်။ အားလုံးရဲ့အကျိုးအတွက် အားလုံးပါဝင်တဲ့ လှုပ်ရှားမှုများဖြစ်ပြီး အားလုံးအတူတကွ လက်တွဲဆောင်ရွက်နိုင်အောင် ဆောင်ရွက်သွားပါမယ်။
အစိုးရတရပ်အနေနဲ့ အုပ်ချုပ်ရေးနဲ့ လူမှုဝန်ဆောင်မှုလပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားပါမယ်။ တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပညာရေး၊ ကျန်းမာရေးနဲ့ တရားမျှတမှုရရှိရေး အတွက် လိုအပ်တဲ့ ဝန်ဆောင်မှုများကိုပေးနိုင်အောင် ဆောင်ရွက်ပါမယ်။ မြေပြင်မှာရှိတဲ့ မဟာမိတ် အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး လူတွေရဲ့ အသက်ကယ်ဆယ်ရေးအတွက် လိုအပ်တဲ့လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပံပိုးသွားရမှာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ရက်စက်တဲ့ တိုက်ခိုက်မှုတွေကနေ ပြည်သူလူထုကို အကာအကယ်ပေးနိုင်အောင် ကြိုးစားဆောင်ရွက်ပါမယ်။ တဆက်တည်းမှာ စစ်ကောင်စီရဲ့ထိန်းချုပ်တဲ့ နယ်မြေတွေနဲ့လူထုကို စစ်ကောင်စီရဲ့ ထိန်းချုပ်မှုကလွတ်မြောက်အောင် ဆောင်ရွက်ရပါမယ်။
ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ အေးချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပြည်သူလူထုလိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေဆီကနေ အကျိုးရှိပြီး လက်တွေ့ကျတဲ့ အကူအညီတွေရရှိနိုင်အောင် ဆထက်ထမ်းပိုး ကြိုးပမ်းလျက်ရှိပါတယ်။ ပြည်သူတွေမျှော်လင့်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဂူတစ်ဖက်က အလင်းတန်းတခုကို မြင်နေရပြီ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေအစိုးရဟာ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို စီးပွါးရေးပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့၊ သူတို့ရဲ့ ဝင်ငွေစီးဆင်းမှုကို ဖြတ်တောက်နိုင်ဖို့၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုများအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုကျူးလွန်သူတွေကို တရားစီရင်နိုင်ဖို့အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ များမကြာမှီက ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ ကြေညာချက်က စစ်ကောင်စီဟာ ပြည်သူလူထုတွေရဲ့ ဆန္ဒပြမှုနဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကြောင့် ဘဏ္ဍာရေးအကြပ်အတည်း အကြီးအကျယ် ရင်ဆိုင်နေရပြီဆိုတဲ့ သက်သေတစ်ခုဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံများခင်ဗျာ။
အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရဖြစ်သလို မြန်မာပြည်သူလူထုရဲ့ ဆန္ဒနှင့်အညီ တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရက်တစ်နိုင်ငံတစ်ခုကို တည်ဆောက်နိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ဒေသအတွင်း မတည်ငြိမ်မှုတွေကို ဖန်တီးပြီး လုံခြုံရေးကို ပျက်ပြားစေတဲ့ စစ်ကောင်စီနဲ့ မတူတဲ့ ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်သစ်၊ အရှေ့တောင်အာရှနဲ့ တောင်အာရှရဲ့ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးကို ဖန်တီးပေးမယ့် နိုင်ငံသစ်ကိုထူထောင်ရမှာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများအနေနှင့်လည်း မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားထောက်ခံဖို့၊ နယ်စပ်ဒေသတွေမှာ ပြဿနာမျိုးစုံကို ဖြစ်ပေါ်စေတဲ့ တရားမဝင်စစ်ကောင်စီကို အသိအမှတ်မပြုမိကြဖို့ မျှော်လင့်ပါတယ်။
ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး တရားမဝင် အာဏာသိမ်းထားရုံမက ပြည်သူကို ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အားပေးခြင်း၊ ကူညီခြင်းဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဆန့်ကျင်တဲ့ အပြုအမူ ဖြစ်တယ်ဆိုတာကိုလည်း သတိချပ်စေလိုပါတယ်။
ကမ္ဘာတဝှမ်းရှိ နိုင်ငံတကာအဖွဲ့အစည်းများခင်ဗျာ
အာဏာရှင်စစ်တပ်ကို ပိတ်ဆို့အရေးယူခြင်း၊ တရားမဝင်အာဏာရှင်ကို ဖယ်ကြဥ်ခြင်းစတဲ့ သံတမန်ရေးနှင့် နိုင်ငံရေးထောက်ခံမှုများအတွက် အထူးကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်။ သို့သော်လည်း အချိန်ကအင်မတန်မှ အရေးကြီးတယ်။ စစ်ကောင်စီဟာ တစ်နေ့ထက်တစ်နေ့ အပြစ်မဲ့ ပြည်သူတွေ၊ အမျိုးသမီးများနဲ့ကလေးသူငယ်တွေကို ပိုမိုပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့လူတွေအနေနဲ့ ရှရှားစစ်တပ်က တရားမဲ့ ကျူးကျော်ဝင်ရောက်ပြီး ယူကရိန်းပြည်သူတွေအပေါ် တစ်လခွဲခန့် ရက်စက်စွာ သတ်ဖြတ်အပြစ်ကျူးလွန်နေတာကို မြင်တွေ့နေရသလို မြန်မာစစ်အာဏာရှင်တွေကလည်း မြန်မာပြည်သူလူထုအပေါ် ရက်ရက်စက်စက် သတ်ဖြတ်ကာ ကျူးလွန်နေတဲ့ပြစ်မှုတွေကို တစ်နှစ်ကျော် ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ မြင်နေရပါတယ်။ မြန်မာစစ်တပ်ဟာ ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး တိုင်းပြည်ကို ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားနေတယ်။ မြန်မာစစ်တပ်ဟာ ရှရှား/နိုင်ငံအချို့ကနေ ထောက်ပံ့ထားတဲ့ စစ်လက်နက်၊ ဂျက်လေယာဥ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေကို အသုံးပြုပြီး အရပ်သားပြည်သူများကို တိုက်ခိုက်နေတာဖြစ်တယ်။
ကမ္ဘာတဝှမ်းကလူတွေအနေနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အားအကောင်းဆုံးနဲ့ အလျင်မြန်ဆုံး လုပ်ဆောင်ကူညီပေးနိုင်တယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါကြောင့်လဲ ကျတော်တို့အနေနဲ့ ယူကရိန်းပြည်သူလူထုနဲ့အတူ ရပ်တည်ကာ ရှရှားအစိုးရရဲ့ တရားမဝင်ကျူးကျော်မှုကို ရှုံ့ချပြီး ယူကရိန်းအစိုးရကို ထောက်ခံတဲ့ ကုလသမ္မဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံအားပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာအနေနဲ့လည်း မြန်မာပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ မြန်မာပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုရက်တစ် ပြည်ထောင်စုတည်ထောင်ရေးကို အကောင်ထည်ဖော်နိုင်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့အထောက်အပံ့တွေပေးကြဖို့ တောင်းဆိုချင်ပါတယ်။
ဒါကြောင့် CDMမှာပါဝင်တဲ့ဝန်ထမ်းတွေ အသက်ရှင်သန်နေထိုင်နိုင်ဖို့နဲ့ မိမိတို့ရဲ့အခွင့်အရေး အတွက် ရပ်တည်နိုင်ဖို့ ထောက်ပံ့ပေးကြပါ။
ပညာရေး၊ ကျန်းမာရေးနဲ့ တရားစီရင်ရေးကဏ္ဍမှာ ဝန်ဆောင်မှုပေးနေတဲ့သူတွေနဲ့ ဒီမိုကရက်တစ်အစိုးရ ယန္တယားလည်ပတ်နိုင်ရေး အတွက် ကူညီပေးကြပါ။
လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပေးကြပါ။ သို့သော်လည်း အထောက်အပံ့တွေပေးတဲ့အခါ ပဋိပက္ခရဲ့အရင်းခံဖြစ်ပြီး နိုင်ငံတကာကိုအလွဲသုံးစားလုပ်လေ့ ရှိတဲ့ စစ်ကောင်စီကနေတဆင့် မပေးကြပါနဲ့။
စစ်တပ်ရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုကနေ ပြည်သူတွေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် လိုအပ်တဲ့အကူအညီပေးကြပါ။ ဒီတော်လှန်ရေးဟာလူထုက အနိုင်ရနိုင်သလို အနိုင်ရဖို့သေချာတဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။ တကယ်လို့ အကူအညီပေးမယ်ဆိုရင် ပြည်သူလူထုရဲ့ အသက်ပေါင်းများစွာကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
အာဏာရှင်တွေအနေနဲ့ စစ်လက်နက်တွေ ဝယ်ယူလိုမရအောင် အားကောင်းကောင်းနဲ့ ပိတ်ဆို့ အရေးယူနိုင်ဖို့ ဆောင်ရွက်ပေးကြပါ။
စီးပွါးရေးလုပ်ငန်းတွေအနေနဲ့လည်း စစ်ကောင်စီတွေ လက်လှမ်းမှီနိုင်တဲ့ ဘယ်အကောင့်/ဘယ်ဘဏ် ငွေစာရင်းကိုမျှ ငွေမလွှဲကြဖို့ တိုက်တွန်းလိုပါတယ်။ ခင်ဗျားတို့လွှဲလိုက်တဲ့ တစ်ဒေါ်လာချင်းစီဟာ သင့်လက်ကို သွေးစွန်းစေပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ်ကို ထောက်ခံပေးကြပါ။ ပြည်သူ့ရင်ခွင် အစီအစဥ်ဟာ စစ်ကောင်စီကို အင်အားချိနဲ့ စေသလို စစ်ကောင်စီရဲ့ လက်ပါးစေတွေရဲ့ စိတ်ဓာတ်အင်အားကိုလည်း ပျက်စီးစေပါတယ်။ စစ်ကောင်စီကနေ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားတွေကို ငွေကြေးအရရော၊ နိုင်ငံရေးခိုလှုံခွင့်ပေးခြင်းအားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ကူညီ ဆောင်ရွက်ပေးလို့ရပါတယ်။ ပြည်သူ့ရင်ခွင် အစီအစဥ်ဟာ သွေးမြေအများကြီးကျစရာမလိုဘဲ စစ်အာဏာရှင်ကို ပြုတ်ကျစေနိုင်တဲ့ အကောင်းဆုံး နည်းဗျူဟာ တစ်ခုဖြစ်ပါတယ်။
၅၄သန်းကျော်ရှိတဲ့ ပြည်သူတွေမှာ အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးရှိပါတယ်။ ပြည်သူတွေအနေနဲ့ မိမိကိုယ်ကိုခုခံပိုင်ခွင့်လည်းရှိပါတယ်။ သူတို့မှာ ဒီမိုကရေစီအခွင့်အရေးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အစိုးရတရပ်အနေနဲ့ သော်လည်းကောင်း၊ ကမ္ဘာတဝှမ်းမှာရှိတဲ့ လူတွေအနေနဲ့သော်လည်းကောင်း မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို ကူညီကာကွယ်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်က နိုင်ငံတကာပညာရှင်တွေက မြန်မာစစ်တပ်ကို တော်လှန်ရေးအင်အားစုအနေနဲ့ အနိုင်ယူဖို့မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်။ ယခုဆိုရင်တော့ စစ်တပ်ဟာ တော်လှန်ရေးအင်အားစုကို အနိုင်မရနိုင်ဘူးလို့ပြောနေကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူလူထုကတော့ ကျနော်တို့ အနိုင်ရမယ်ဆိုတာ သိခဲ့ကြသလို တကယ်လည်း အနိုင်ရမှာဖြစ်ပါတယ်။ အောင်ပွဲခံမယ့် အချိန်ဟာလည်း တနေ့ထက်တနေ့ နီးကပ်လာပြီ ဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်အစစ်ဟာ မြန်မာတိုင်းရင်းသားပြည်သူများပဲ ဖြစ်သလို မြန်မာပြည်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်သူဟာလည်း မြန်မာတိုင်းရင်းသားပြည်သူများပဲ ဖြစ်ပါတယ်။ ဘယ်ပြည်ပနိုင်ငံကမှ မြန်မာပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ် မပေးနိုင်သလို ဖောက်ပြန်တဲ့ စစ်အုပ်စုဟာလည်း မြန်မာပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်လိမ့်မယ် မဟုတ်ပါဘူး။ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာတိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်ပြီး ပြည်သူရွေးချယ် ဆုံးဖြတ်တဲ့လမ်းကို တစိုက်မတ်မတ် ဦးဆောင်လျှောက်လှမ်းသွားမှာပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် တော်လှန်ရေးမှာ ပါဝင်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ တော်လှန်ရေးကို မိမိတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆင်နွှဲနေကြသူ တစ်ဦးချင်းစီကိုလည်း အသိအမှတ်ပြုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့သက်တမ်း ဒုတိယနှစ်ထဲကို ဝင်လာပြီဖြစ်သလို အနာဂတ်လာမယ့်နှစ်တွေမှာ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းပြီး သမိုင်းတလျောက် ကျွန်တော်တို့ လိုလားတောင့်တခဲ့ကြတဲ့ ဒီမိုကရက်တစ်မြန်မာပြည်သစ်နဲ့ အစားထိုးနိုင်ဖို့ ကျွန်တော်တို့ အင်အားတွေကို နှစ်ဆတိုး ကြိုးစားကြရအောင်လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။